မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် ခံတွင်းကျန်းမာရေးက ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို ကျားလေးက မေမေတို့အတွက် မျှဝေပေးမယ်နော်။ မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအတက်အကျဖြစ်တာကြောင့် အစာစားတာ၊ သွားတိုက်တာ စတဲ့ သာမာန်ကိစ္စတွေကို ပြုလုပ်နေတဲ့အချိန်မှာတောင် သွားဖုံးကနေ သွေးထွက်တာ၊ ရောင်ရမ်းတာ၊ အနာဖြစ်တာတွေကို ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီလိုကြုံတွေ့ရချိန်မှာ မေမေတို့က သွားတိုက်တာကို ရပ်တန့်ပစ်ဖို့မလိုပါဘူး။ အရင်ထက်ပိုဂရုစိုက်ပြီး သွားကိုဆက်တိုက်နေဖို့လည်း လိုအပ်ပါတယ်နော်။
မေမေတို့ရေ သွားတိုက်ချိန်မှာ သွားဖုံးကနေ ရက်သတ္တပတ်တစ်ပတ်ကျော်တဲ့အထိ သွေးထွက်တာ၊ ရောင်ရမ်းတာတွေရှိနေသေးမယ်ဆိုရင်တော့ သွားဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်တွေနဲ့ ပြသပြီး ဆွေးနွေးမှုခံယူရပါမယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ သွားချေးလွှာ၊ သွားချေးကျောက်တွေရှိနေမယ်ဆိုရင် သွားချေးလွှာတွေက ဘက်တီးရီးယားအဆိပ်တွေဟာ မိခင်ရဲ့သွေးလည်ပတ်မှုကတစ်ဆင့် အချင်းကိုဖြတ်ပြီး သန္ဓေသားထံကို ရောက်ရှိသွားတတ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့် အချင်းရဲ့အမြှေးပါးရောင်ရမ်းပြီး သန္ဓေသားကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ အဲ့ဒီကမှတဆင့် ဆိုးရွားတဲ့ ရလဒ်အဖြစ် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ပေါင်မပြည့်တဲ့ကလေးမွေးဖွားခြင်း၊ လမစေ့ဘဲမွေးဖွားတာ၊ မွေးရာပါရောဂါတွေ ပါလာတာတွေဖြစ်တတ်ပါတယ်နော်။
မေမေတို့ရေ အကောင်းဆုံးကတော့ ကိုယ်ဝန်ရှိတာနဲ့တပြိုင်နက်တည်း ခံတွင်းကျန်းမာရေးကိုလည်း စစ်ဆေးထားသင့်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလရဲ့ ၄ လမြောက်ကာလကနေ ၇ လမြောက်အတွင်း သွားချေးကျောက်တွေကို သွားဆရာဝန်နဲ့ကုသမှုခံယူပြီး ဖယ်ရှားပစ်သင့်ပါတယ်။ အဲ့ဒါမှလည်း ကျန်းမာတဲ့ရင်သွေးငယ်လေးကို မွေးဖွားနိုင်မှာပါ မေမေတို့ရေ။ ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)