
ရင်သွေးလေးကို မိခင်နို့ရည်ပဲတိုက်မယ်ဆိုရင်တော့ ကလေးငယ်လေးကို နို့ချိုတိုက်စဉ် ရောဂါပိုးမွှားများ ကူးစက်မှာကို စိုးရိမ်စရာမရှိပါဘူး။ အကြောင်းကတော့ မိခင်နို့ရည်က ကလေးငယ်လေးအတွက် အထူးသင့်လျော်အောင် သဘာဝက စီမံထားပေးလို့ပါပဲ။ ဆရာဝန်များကတော့ မိခင်နို့ရည်တစ်မျိုးတည်းကို ရင်သွေးလေး ၆ လသား အထိတိုက်ရန် တိုက်တွန်းကြပါတယ်။ မိခင်နို့ရည်တစ်မျိုးတည်းတိုက်ရုံနဲ့လည်း ကလေးငယ်အတွက် လိုအပ်သော အာဟာရများကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ရောဂါများ ဝင်ရောက်လာခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
သို့ပေမယ့် နို့ဘူးနဲ့ တိုက်မယ်ဆိုရင်တော့ သတိထားရမယ့် အချက်ကလေးတွေရှိတဲ့အတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။ ပထမဆုံးဖြစ်တတ်တဲ့အမှားလေးကတော့ ဘယ်နှစ်ကြိမ် တိုက်ကျွေးလည်း ဆိုတာပါပဲ။ ကလေးငယ်ကို အချိန်တသတ်မတ်ထဲ တိုက်ကျွေးခြင်းထက် ကလေးငယ်လေးဆာလောင်တဲ့အခါမှ တိုက်ကျွေးခြင်းက ပိုကောင်းပါတယ်။ ကလေးငယ်လေးတွေရဲ့ ဆာလောင်မှုပုံစ့က လူကြီးတွေနဲ့ မတူကြပါဘူး။ အချိန်အနည်းငယ်ယူပြီး ကလေးရဲ့ ဆာလောင်ချိန်ကို စောင့်ကြည့်တိုက်ကျွေးခြင်းဖြင့် အဆင်ပြေနိုင်ပါတယ်။
နောက်ပြသနာလေးတစ်ခုကတော့ နို့ဘူးများရဲ့ သန့်ရှင်းမှု မလုံလောက်ခြင်းပါပဲ။ မိခင်နို့ရည်ကရော ဘယ်လောက်သန့်ရှင်းနေလဲလို့ ပြောစရာဖြစ်နေပါတယ်။ တစ်ခါတစ်လေမှာ ဘယ်လောက် သန့်ရှင်းရင် သန့်ရှင်းနေပါပြီလို့ပြောရတာလည်း ခက်ခဲမှုရှိပါတယ်။အကျဉ်းချုံးပြောရရင်တော့ ကလေးငယ်လေးကို နို့ဘူးမတိုက်ခင်မှာ နို့ဘူး၊နို့သီးခေါင်း၊ ကွင်းတို့ကို ပိုးသတ်ဖို့ပါပဲ။ ပိုးသတ်ရာမှာလည်း ဆူနေသော ရေနွေးထဲမှာ တစ်နာရီခန့်စိမ်ထားရန် လိုအပ်ပါတယ်။ နို့ဘူးပိုးသတ်စက်လေးတွေ ဝယ်ထားနိုင်ရင်လည်းပိုမိုကောင်းမွန်ပါတယ်။ ကလေးငယ်လေးနို့သောက်ပြီးချိန်မှာလည်း ဆေးကြောသန့်စင်ဖို့အရေးကြီးပါသေးတယ်။
နောက်အမှားလေးတစ်ခုကတော့ ကလေးကို မှောက်လျက်သား နို့ဘူးတိုက်တာပါ။ ကလေးငယ်လေးအနေနဲ့ နို့ရည်များ ပါးစပ်အတွင်းမှ လျှံထွက်သွားပါက နားအတွင်းဝင်သွားနိုင်ပြီး ရောဂါဖြစ်ပွားနိုင်ချေပါရှိပါတယ်။ ထို့အတွက် နို့ဘူးတိုက်ချိန်မှာ ကလေးငယ်ကို မတ်မတ်ထားပြီး သက်တောင့်သက်သာ အနေအထားနဲ့ နို့ချိုတိုက်ကျွေးရန် လိုအပ်ပါတယ်။ နို့တိုက်ပြီးချိန်မှာလည်း လေထုတ်ပေးရန် လိုအပ်ပါသေးတယ်။ ကလေးငယ် နို့သောက်သုံးချိန်မှာ လေပါရောပါဝင်သွားတဲ့အတွက် နေမထိထိုင်မသာ ဖြစ်စေနိုင်ပါတယ်။ ရင်သွေးလေးရဲ့ ကျောကို နှိပ်နယ်ပေးခြင်းဖြင့် လေထုတ်နိုင်ပါတယ်။
နောက်အမှားတစ်မျိုးကတော့ မိခင်နို့ရည်နဲ့ နို့မှုန့်နို့ရည်ကို ရောနှောတိုက်ကျွေးခြင်းဖြစ်ပါတယ်။ ထိုသို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်လေးမှာ အစာမကြေခြင်း ပြဿနာလေးတွေရှိနိုင်ပါတယ်။ ရက်ခြားပြီးတိုက်မယ် ဆိုရင်တော့ တစ်မျိုးပြီး တစ်မျိုးတိုက်နိုင်ပါတယ်။ နို့ဘူးနဲ့တိုက်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ နို့ဘူးရွေးချယ်မှု နို့မှုန့် ရွေးချယ်မှု မှန်ကန်ရန် အထူး သတိပြုသင့်ပါတယ်နော်။
MiGi