
မွေးတော့မယ်လို့ ဘယ်လို သိနိုင်မလဲ။
သားအိမ်ညှစ်အားလာလို့ ဗိုက်နာခြင်း
မွေးတော့မယ်ဆိုရင် ထိရောက်တဲ့ သားအိမ်ညှစ်အား စလာရပါတယ်။ တကယ်တမ်းတော့ သားအိမ်ညှစ်အား ပျော့ပျော့လေးတွေဟာ ကိုယ်ဝန် တလျှောက်လုံးမှာ လာနေတာပါ။ Braxton Hick Contraction သားအိမ်ညှစ် အားငယ်လေးများလို့ ခေါ်ပါတယ်။ အဲ့ဒီ ညှစ်အားလေးတွေက ပြင်းထန်မှုမရှိပါဘူး။ ညှစ်အားလာတဲ့အချိန်မှာ တင်းတင်းတင်းတင်း ဖြစ်လာတာ ခံစားရနိုင်ပါတယ်။ နာတော့ မနာပါဘူး။ စက္ကန့် အနည်းငယ်သာ ကြာတတ်ပါတယ်။ ပုံမှန်လည်း လာလေ့မရှိပါဘူး။ တစ်နေ့ကို ၄-၅ ကြိမ်လောက် လာတတ်ပါတယ်။ တစ်ချို့ကတော့ သတိတောင်ထားမိမှာ မဟုတ်ပါဘူး။
ကိုယ်ဝန်ရဲ့ တတိယ၃လမှာတော့ ပိုပြီးစိတ်လာပါတယ်။ မွေးခါနီး တစ်ပတ်လောက်အလိုမှာတော့ ညှစ်အားလေးတွေဟာ ပိုပြင်းလာတယ်။ ပိုစိတ်လာတယ်။ ပိုကြာလာတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန် မလာတတ်ပါဘူး။ ဆက်တိုက်လေးလို နာလာလိုက်။ ပြန်ပျောက်သွားလိုက်နဲ့ ဖြစ်နေတတ်ပါတယ်။ မွေးဖွားဖို့ ကြိုတင်ပြင်ဆင် နေခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ တစ်ချို့ ကိုယ်ဝန်ဆောင်မေမေတွေ မွေးတော့မယ်ထင်ပြီး ဆေးရုံရောက် လာကြပြီး ဗိုက်ဆက်မနာကြတာတွေ ရှိပါတယ်။ တစ်ချို့ က False Labour Pain လို့ ခေါ်ကြပါတယ်။ တကယ်တော့ Prelabour pain ဖြစ်ပါတယ်။ တကယ်မနာခင် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။
တကယ်မွေးတော့မယ်ဆိုရင် ညှစ်အားလေးတွေ ပိုပြီးစိတ်စိတ်လာပါမယ်။ နာရီဝက်တစ်ခါက မိနစ် ၂၀ တစ်ခါ၊ မိနစ်၂၀ တစ်ခါကနေ ၁၅ မိနစ်တစ်ခါ ပိုပိုစိတ်လာပြီး အနည်းဆုံး ဆယ်မိနစ်တစ်ခါ ပုံမှန်လာပြီဆိုရင် မွေးဖို့ စနာပါပြီ။ တစ်ခါနာရင် စက္ကန့် အနည်းငယ်ဘဲလာရာက ၁၅ စက္ကန့်၊ ၂၀ စက္ကန့် စသည်ဖြင့် တိုးတိုးနာလာမယ်။ ညှစ်အားလာတဲ့ အချိန်မှာ ပိုပြင်းထန်လာတဲ့အတွက် တင်းတင်း တင်းတင်း သိရုံမကဘဲ နာပါ နာလာမယ်ဆိုရင် မွေးတော့မှာပါ။ ညှစ်အားလာတဲ့အချိန်မှာ သားအိမ်က လုံးခုံးပြီး တင်းမာလာတတ်ပါတယ်။ ညှစ်အားမလာတဲ့ အချိန် ကြားထဲမှာတော့ သားအိမ်က ပျော့ပျော့ပြောင်းပြောင်းလေး ဖြစ်နေပါတယ်။ ကလေးမွေးဖို့ ဗိုက်နာတာ ဟာ ရာသီလာရင် နာသလိုမျိုးပါ။ နာလိုက်ပျောက်လိုက်ပါ။ ဆက်တိုက်မနာတတ်ပါဘူး။ သားအိမ်တစ်ခုလုံးက နာတာဖြစ်ပေမဲ့ တစ်ချို့က ဆီးစပ်ကိုက်ပြီး တစ်ချို့က ခါးက နာတတ်ကြပါတယ်။
မွေးခါနီး နေ့စေ့ လစေ့ အချိန်မှာ နေရထိုင်ရခက်နေတတ်ပါတယ်။ ကလေးမွေးဖို့ နာတာဟာ ကလေးတိုးတာ၊ ကလေးကန်တာနှင့် မိခင်လှုပ်ရှားတာနဲ့ မဆိုင်ပါဘူး။ ခွဲခြားသိဖို့လိုပါတယ်။