စျေး မီဒီယာ
မမွေးဖွားမှီ

ကလေးမွေးပြီး နို့တိုက်မိခင်များ သိသင့်သော သားဆက်ခြားနည်းများ

Posted by Kyaw Lin Han April 24, 2020
Avhjtvgheewashnver38

သားဆက် တစ်ယောက်နဲ့တစ်ယောက်နီးရင် မေမေ၊ဖေဖေ နဲ့တကွ ရင်သွေးလေးတွေပါ ကသီလင်တဖြစ်ကြရ တာ အားလုံးအသိဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ရင်သွေးလေး တစ်ယောက်နဲ့ နောက်တစ် ယောက် ၂နှစ်လောက် ခြားသင့်တယ်လို့ လမ်းညွှန်ထားပါတယ်။
ရင်သွေးလေးကို နို့တိုက်နေတော့ ဘယ်နည်းတွေက အကောင်းဆုံးလဲ။ ကလေးကိုရော ထိခိုက်နိုင်လားသိချင်ကြမယ်ထင်ပါတယ်။ ဒါတွေကို မေမေများ ကိုယ်ဝန်ဆောင်ကာလကတည်းက စဉ်းစားဖို့လိုပါတယ်။

မိခင် နို့ရည် တစ်မျိုးတည်းကို ကလေး ၆လသားအထိ တိုက်ခြင်းပြီး ရာသီထိမ်နေစေသောနည်း

(Lactational amenorrhoea Method)
အာနိသင်လည်း အလယ်အလတ်တန်းစားကောင်းပြီး တကူးတက ဘာမှလုပ်စရာမလိုတဲ့ နည်းက တော့ မိခင်နို့ရည် တစ်မျိုးတည်းကို ကလေး ၆လသားအထိ တိုက်ခြင်းဖြစ်ပါတယ်။ ကလေးကြီးထွား ဖွံ့ဖြိုးဖို့အတွက် ၆လသားအထိ မိခင်နို့တစ်မျိုးတည်းနဲ့ လုံလောက်ပါတယ်။ နို့သီးခေါင်ကို ရင်သွေးလေးက စုတ်ခြင်းဖြင့် Prolactin ပရိုလက်တင်လို့ခေါ်တဲ့ နို့ထွက်စေတဲ့ ဟော်မုန်းကို ဦးနှောက် အောက်ခြေနားမှာရှိတဲ့ Pitutary ပီကျူထရီလို့ခေါ်တဲ့ နေရာက ထုတ်ပေးပါတယ်။ အဲ့ဒီ ပီကျူထရီ ကဘဲ သားဥကြွေစေတဲ့ ဟော်မုန်း ၂မျိုး - Folicular Stimulating Hormone (FSH) နဲ့ Lutenizing Hormone (LH) ကို ထုတ်ပေးရတာဖြစ်ပါတယ်။ မိခင်နို့တစ်မျိုးတည်းသာတိုက်နေချိန်မှာ နို့ထွက်စေတဲ့ ဟော်မုန်းထုတ်ပေးနေရတဲ့အတွက် သားဥကြွေစေတဲ့ ဟော်မုန်းမထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် နို့တိုက်နေတဲ့ မေမေ တွေ ရာသီမပေါ်တာပါ။ ဖိုးဖိုး၊ဖွားဖွားတို့ အချိန် အခါက သားဆက်ခြားနည်းတွေ မပေါ်သေးပါဘူး။ ဒါပေမဲ့ ကလေးတွေ ၂-၃ နှစ် ကြီး၊ ၂-၃ နှစ်ငယ်တွေ မွေးတာတွေ့ဘူးမှာပါ။
ကလေး၆လအောက်ဖြစ်ပြီး၊ မိခင် နို့ရည် တစ်မျိုးတည်းတိုက်နေတဲ့မေမေတွေ ရာသီလည်း ထိမ်နေတယ် ဆိုရင် သားဆက်ခြားတဲ့အာနိသင် ရှိပါတယ်။ အာနိသင်က ၃ လခံဆေးထိုးနေတဲ့သူ၊ ဆေးကဒ်တွေ နေတိုင်းသောက် နေတဲ့သူများနဲ့ တန်းတူအာနိသင်ရှိပါတယ်။ သန္ဓေတားတဲ့အာနိသင် ကို အမျိုးသမီး၁၀၀ တစ်နှစ်သုံးရင် ကိုယ်ဝန်ရသွား နိုင်တဲ့နှုံးနဲ့ တိုင်းပါတယ်။ နို့တစ်မျိုးတည်း တိုက်နေတဲ့ ၆လအောက်ကလေးမိခင်နဲ့ ၃ လခံဆေးထိုးနေတဲ့ သူ၊ ဆေးကဒ်သောက်နေတဲ့ အမျိုးသမီး ၁၀၀ ဟာ တစ်နှစ်သုံးရင် ၆လမှ ၁၂ ယောက်ခန့်ကိုယ်ဝန်ရတတ်ပါတယ်။

မိခင်နို့တစ်မျိုးတည်းမတိုက်တဲ့သူ၊ ကလေး ၆လကျော်ပြီးတဲ့သူ၊ ရာသီပြန်ပေါ်ပြီးသူတွေတော့ မသုံးသင့်ပါဘူး။ အဲ့ဒီလိုအမေတွေအတွက်ကတော့ အခြားနည်းတွေစဉ်းစားရပါမယ်။

ကော့ပါးပါသော သားအိမ်တွင်းထည့်ပစ္စည်း

ကော့ပါးပါသော သားအိမ်တွင်းထည့်ပစ္စည်းမှာ ဟော်မုန်းမပါပါဘူး။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေ မခံရတော့ဘူးပေါ့။ မွေးမွေးချင်းသုံးလိုရပါတယ်။ ကိုယ်ဝန်ကာလကတည်းက ကြိုတင် ဆုံးဖြတ် ထားရင် မွေးဖွားတဲ့အချိန်မှာ အချင်းချပြီး တာနဲ့ တစ်ခါတည်းထည့်လို့ရပါတယ်။ မွေးပြီးစသားအိမ်ထဲ ထည့်ရတာ ပိုပြီးလွယ်ပါတယ်။ အထူးသဖြင့် ခွဲမွေးတဲ့အခါမှာ မျက်မြင်ထည့်ရတဲ့အတွက် နေရာတကျ မဖြစ်မှာ မပူရတော့ပါဘူး။ မွေးဖွားနေတုံးမှာ ပိုးသတ်ထားတဲ့ပစ္စည်း ကိရိယာတွေနဲ့ မွေးနေချိန်မှာ ထည့်တာမိုလို့ ပိုးဝင်မှာလည်း မပူရတော့ပါဘူး။ ကလေးနို့တိုက်ချိန်မှာ ရာသီမလာတတ်တော့ ကော့ပါးပါတဲ့ သားအိမ်တွင်းထည့် ပစ္စည်းကြောင့်ဖြစ်နိုင်တဲ့ ရာသီလာချိန်မှာ ရာသီများခြင်း၊ ကိုက်ခဲခြင်းစတဲ့ ခံစားရတာတွေ မဖြစ်တော့ ဘူးပေါ့။

ဟော်မုန်း၂မျိုးပါတဲ့ နေ့စဉ်သောက်ရတဲ့ဆေးကဒ်

ဟော်မုန်း၂မျိုးပါတဲ့ နေ့စဉ်သောက်ရတဲ့ဆေးကဒ်တွေတော့ နို့တိုက်အမေတွေ မသောက်သင့်ပါဘူး။ ဆေးမှာပါတဲ့ အီစထရိုဂျင် ဟော်မုန်းဟာ နို့ထွက်ကို လျော့နည်းစေပါတယ်။ ဒါကြောင့် ကလေး ဖြည့်စွက်စာ မစားတတ်မချင်း မသောက်သင့်ပါဘူး။ အဲ့ဒါအပြင် ဟော်မုန်းကြောင့်ဖြစ်တဲ့ ခြေသလုံး ထဲမှာသွေးခဲခြင်း၊ အဲ့ဒီသွေခဲပြုတ်ပြီး အဆုတ်သွေးကြောထဲမှာ ရုတ်တရက် ပိတ်ဆို့ခြင်းတွေကြောင့် အန္တရာယ်ရှိပါတယ်။ ကလေးနို့မတိုက်လို့ ဟော်မုန်းဆေးသုံးမယ်ဆိုရင်တောင် ချက်ချင်းမသုံးရပါဘူး။ မီးတွင်း ၆ပတ်ကျော်မှ သုံးရပါမယ်။

ပရိုဂျက်စထရိုဂျင် ဟော်မုန်း၁မျိုးတည်းပါတဲ့ နေ့စဉ်သောက်ရတဲ့ဆေးကဒ်

အီစထရိုဂျင် ဟော်မုန်းဟာ မပါတဲ့အတွက် နို့ထွက်ကို မလျော့နည်းစေပါဘူး။ နို့တိုက်မိခင်တွေ သောက်နိုင်ပါတယ်။ သားအိမ်ခေါင်းက ချွဲလေးကို ပြစ်ခဲစေပြီး သုတ်ပိုးလေးတွေ သားအိမ်ထဲ မဝင်နိုင် အောင်တားတာပါ။ ပါဝင်တဲ့ဆေးပမာန သိပ်နည်းပြီး အာနိသင်ခဏဘဲခံတဲ့အတွက် ဆေးသောက်ချိန် ၃ နာရီထက်ပို လွဲလို့မရပါဘူး။ ဆေးသောက်ချိန် အတိအကျမှန်ဖို့လိုပါတယ်။ ဆေးတန်ဖိုးလည်း ပိုများပြီး ကရိကထများပါတယ်။ နို့တိုက်အမေတွေသုံးနိုင်ပါတယ်။

ဒီပို ပရိုဗီလာခေါ်တဲ့ ၃ လခံထိုးဆေးနဲ့ လက်မောင်း အရည်ပြားအောက်ထည့် တဲ့ ပရိုဂျက်စထရိုဂျင် ပါတဲ့ ပစ္စည်း

ဒီပို ပရိုဗီလာခေါ်တဲ့ ၃ လခံထိုးဆေးနဲ့ လက်မောင်း အရည်ပြားအောက်ထည့်တဲ့ ပရိုဂျက်စထရိုဂျင်ပါတဲ့ ပစ္စည်းကတော့ ပရိုဂျက်စထရိုဂျင် ဟော်မုန်ထွက်ပြီး သားဥမကြွေအောင်တားတာပါ။ နို့တိုက်အမေတွေ သုံးနိုင်ပါတယ်။ ဝတဲ့အမေတွေ သုံးရင် ပိုဝလာတတ်ကြောင်း သိဖိုလိုပါတယ်။ စားသောက်တဲ့ အာဟာရကို မထိစေဘဲ ကိုယ်အလေးချိန်ထိန်းဖို့ လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။

ရက်ရှောင်တဲ့နည်း

နို့တိုက်နေရင် ရာသီမလာသေးခြင်း၊ လာရင်လည်း မမှန်သေးတာကြောင့် သားဥကြွေရက်ကိုတွက်ပြီး ရက်ရှောင်တဲ့နည်းသုံးလို့မရသေးပါ။

ကွန်ဒုံး ခေါ် အစွပ်သုံးခြင်း

ကွန်ဒုံး ခေါ် အစွပ်သုံးခြင်းက ကိုယ်ဝန်မရအောင် ကာကွယ်တဲ့အပြင် လိင်ဆက်ဆံရာမှ ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပါတယ်။ အခြားနည်းများအားလုံးဟာ မကာကွယ်ပါဘူး။ ဒါကြောင့် အခြားနည်း များသုံးနေပြီဆိုရင်တောင်မှ အစွပ်နဲ့ တွဲသုံးသင့်ပါတယ်။ ဟော်မုန်းမပါတဲ့အတွက် ဟော်မုန်းရဲ့ဆိုးကျိုးတွေလည်း မခံစားရပါဘူး။ နို့တိုက်မိခင်လည်း သုံးနိုင်ပါတယ်။ ဒါပေမဲ့ အာနိသင် နည်းပါတယ်။ ကွန်ဒုံးပေါက်ရင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတတ်ပါတယ်။

ရက်ရှောင်တဲ့နည်း၊ ကွန်ဒုံး ခေါ် အစွပ်သုံးခြင်း နဲ့ သုတ်ရည် အပြင်မှာထုတ်တဲ့နည်းတွေက အာနိသင်နည်းပြီး မတော်တဆ ကိုယ်ဝန်ရနှုန်းဟာ အမျိုးသမီး၁၀၀ တစ်နှစ်သုံးရင် ၁၈ ယောက်နဲ့ အထက်မှာ ရှိပါတယ်။

သားကြောဖြတ်ခြင်း

နောက်ထပ်လုံးဝမယူချင်တော့တဲ့မေမေတွေ အတွက် သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီရင် သားကြောဖြတ်လျှောက်လွှာတင်ပြီး သားကြောဖြတ်နိုင်ပါတယ်။ အသက် ၄၀နှစ်နှင် အထက် မေမေ များ ကလေး ၁ ယောက်ရှိရင် လျှောက်လွှာတင်နိုင်ပါတယ်။ ကလေး ၂ယောက်ရှိရင် အသက် ၃၈နှစ်၊ ကလေး ၃ယောက်ရှိရင် အသက် ၃၅ နှစ်ဆိုရင် လျှောက်လွှာတင်နိုင်ပါတယ်။ ကလေး ၅ယောက်နဲ့ အထက်ဆိုရင် ဘယ် အသက်မှာမဆို လျှောက်လွှာတင်နိုင်ပါတယ်။ ၂ခါခွဲမွေးပြီး တတိယ ကိုယ်ဝန်မှာ လည်း လျှောက်လွှာတင်နိုင်ပါ တယ်။ မေမေမှာ ရောဂါတစ်စုံတစ်ရာရှိရင် ကလေးထပ်မွေးဖို့ မသင့်တော်တော့ရင် သမားတော်ရဲ့ထောက်ခံစာနဲ့ လျှောက်လွှာတင်နိုင်ပါတယ်။ သားကျောဖြတ် ဘုတ်အဖွဲ့က ခွင့်မပြုထားဘဲ သားကြောဖြတ်ခြင်းကို ဥပဒေအရ ခွင့်မပြုပါဘူး။



ကဲ- ကိုယ်ဝန်ဆောင်မေမေများ မွေးပြီးရင် နောက်တစ်ယောက် ထပ်ယူမှာလား။ ယူအုံးမယ်ဆိုရင် ဘယ်တော့ယူမှာလဲ။ ဘယ်နည်းတွေသုံးပြီး ဘယ်လောက်ခြားမှာလဲ။ ကိုယ်တိုင်ဆုံးဖြတ်ပြီး ရွေးချယ် တတ်ဖို့ လိုပါတယ်။ အကျိုး အကြောင်း၊ အဆိုးအကောင်းတွေ သိရှိပြီး ကိုယ်နဲ့ အသင့်တော်ဆုံး နည်းလမ်းတွေ ကိုယ်တိုင်ရွေးချယ်ပြီး သာယာတဲ့ အောင်မြင်တဲ့ မိသားစုဘဝ ကို ထူထောင်နိုင်ကြ ပါစေ။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.