
မိသားစုဘဝထူထောင်ဖို့ ရင်သွေးလေးတွေ ယူရာမှာ ခရီးစဉ်တစ်လျှောက် သာယာ ဖြောင့်ဖြူးတာများတယ် ဆိုပေမယ့် မမျှော်လင့်ထား၊ မမှန်းထားတဲ့ အန္တရာယ်တွေကလည်း အချိန်မရွေး၊ နေရာမရွေး ပေါ်လာတတ်ပါတယ်။ ဒါကြောင့်မို့လည်း “ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ” ဆိုတဲ့ ဆိုရိုးပေါ်ခဲ့တာပါ။ ဖောင်းမစီးဘဲ အန္တရာယ်နည်းတဲ့ တခြားနည်းသုံးလို့ရပေမဲ့ ကိုယ်ဝန်ဆောင်ခြင်း၊ မီးနေခြင်းကတော့ မရှောင်နိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်၊ မီးနေချိန်မှာ ကိုယ်ဝန်စောင့်ရှောက်မှု စနစ်တကျခံယူခြင်းဖြင့် အန္တရာယ် လျော့နည်းအောင် လျော့ချလို့ရပေမယ့် ၁၀၀ % တော့ မကာကွယ် နိုင်ပြန်ပါဘူး။ ဆရာဝန်၊ ဆရာမတွေ ချိန်းတဲ့အတိုင်း ပုံမှန်စနစ်တကျပြထားပေမယ့် ပြဿနာလေးတွေ ပေါ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေဟာ ဆရာဝန်ဆရာမနဲ့ ထိတွေ့ချိန်ထက် မိသားစုနဲ့ ထိတွေချိန်ပိုများပါတယ်။ ရင်သွေးလေးကိုလွယ်ထားတဲ့ မေမေက ရင်သွေးလေးနဲ့ အချိန်ပြည့် ထိတွေ့နေပါတယ်။
ဒါကြောင့် ဆရာဝန်၊ ဆရာမတွေနဲ့ ထိတွေ့ချိန်မဟုတ်တဲ့ကာလမှာ အမျိုးသား အပါအဝင် မိသားစုဝင် အားလုံးဟာ ဘယ်အန္တရာယ်လက္ခဏာတွေဟာ အရမ်းအရေးကြီပြီး ချက်ချင်းအရေးတယူလုပ်ရမယ့် “မီးနီလား”၊ သတိထားရမယ့် “မီးဝါလား”၊ အန္တရာယ်နည်းတဲ့ “မီးစိမ်းလား” စတာတွေကို သိရှိပြီး မေမေ၊ ကလေး နေကောင်း၊ မကောင်း အကဲခတ်တတ်ဖို့နဲ့ ဖြစ်လာခဲ့ရင် “ဘာတွေလုပ်သင့်တယ်” “ဘယ်သူတွေနဲ့ဆက်သွယ်ရမယ်” စတာတွေ သိထားခြင်းဖြင့် ထိရောက်တဲ့ ကုသမှုတွေ အချိန်နဲ့ တပြေးညီ ရရှိပြီး အန္တရာယ်က ကင်းဝေးမှာဖြစ်ပါတယ်။ အန္တရာယ်လုံးဝကင်းတဲ့ ကိုယ်ဝန်ဆောင်ဆိုတာ မရှိပါဘူး။ မိသားစုဝင်တိုင်း သိသင့်တဲ့ မေ့ရင်သွေး မေမေများအတွက် ကိုယ်ဝန်ဆောင်စဉ် မီးနီများအကြောင်းကို တင်ပြပေးမှာ ဖြစ်ပါ တယ်။
ကိုယ်ဝန် ၃လနောက်ပိုင်း အတွက် မီးနီများ
(၁) သွေးပေါင်တိုးခြင်း၊ ဖောယောင်ခြင်းများဟာ ကိုယ်ဝန်ဆိပ်တက်ရောဂါရဲ့ လက္ခဏာဖြစ်ပါတယ်။ ဆေးရုံ ဆေးခန်းကို ပြဖို့လိုပါတယ်။ အချိန်မရွေး ကိုယ်ဝန်ဆိပ်တက်နာဖြစ်သွားပြီး မိခင်၊ ကလေး အသက် အန္တရာယ် ဖြစ်နိုင်ပါတယ်။
(၂) ခေါင်းကိုက်ခြင်း၊ ဇက်ထိုးခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မကြည်လင်ခြင်း စသဖြင့် ပြင်းထန်တဲ့ ကိုယ်ဝန်ဆိပ် တက်နာရဲ့ အန္တရာယ်လက္ခဏာဖြစ်ပါတယ်။ အမြန်ဆုံးဆေးရုံပို့ပေးဖို့ လိုအပ်ပါတယ်။ မိခင်ရော ကလေးအတွက်ပါ အလွန်အရေးကြီးတဲ့ မီးနီပါ။
(၃) ကလေးပုံမှန် မတိုးခြင်း၊ အတိုးနည်းခြင်းဟာ ကလေးရဲ့ အန္တရာယ် လက္ခဏာဖြစ်ပါတယ်။ စောင့်ကြည့်မ နေပါနှင့်။ ဆရာဝန်၊ ဆရာမထံ အမြန်ပြဖို့လိုပါတယ်။
(၄) သွေးဆင်းခြင်း
အချင်းကွာခြင်း၊ အချင်းအောက်ခံခြင်းများကြောင့် ဖြစ်နိုင်ပါတယ်။ သွေးသွန်ပြီး မိခင်ရော ကလေးပါ အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။ မီးနီပါ။ နည်းနည်းပဲ ဆင်းလည်း အရေးကြီးပါတယ်။ ဆေးရုံ အမြန်ပို့ဖို့ လိုပါတယ်။
(၅) ရေဆင်းခြင်း
ဗိုက်မနာဘဲ ရေဆင်းခြင်းဟာ၊ အရေးကြီးတဲ့ မီးနီတစ်ခုဖြစ်ပါတယ်။ ကလေးနေတဲ့ ရေအိတ်ပေါက်သွားပြီဖြစ်တဲ့အတွက် ပိုးဝင်နိုင်ပြီး ကလေးရော အမေပါ အန္တရာယ်ရှိပါတယ်။ လ မစေ့ဘဲ ဗိုက်နာလာပြီး လမစေ့၊ ပေါင်မပြည့်တဲ့ ကလေး မွေးတတ်ပါတယ်။ ချက်ချင်းဆေးရုံသွားဖို့ လိုပါတယ်။
(၆) ဗိုက်နာခြင်း
ဗိုက်နာခြင်းဟာ ကလေးမွေးဖို့ ဗိုက်နာခြင်း၊ အချင်းကွာလို့ ဗိုက်နာခြင်း၊ ရေမြွှာရည်များလွန်းလို့ သိပ်တင်းပြီးနာခြင်း စတာတွေဖြစ်နိုင်သလို ဆီးသွားလမ်းကြောင်းပိုးဝင်လို့ ဗိုက်နာခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ ကုသမှုတွေလိုပါတယ်။
(၇) အဖျားကြီးခြင်း၊ (အထူးသဖြင့် ငှက်ဖျားအဖြစ်များသောဒေသများတွင်)
(ဂ) အသက်ရှူကြပ်ခြင်း၊ မောခြင်း
မိသားစုက မေမေ နဲ့ ရင်သွေးလေးရဲ့ အန္တရာယ် မီးနီလေးတွေ သိပြီး သတိထားပြီး အရေးတယူ ဆောင်ရွက်ခြင်းဖြင့် မေမေ နဲ့ ရင်သွေးလေးကို စောင့်ရှောက်နိုင်ကြပါစေ။