၁၄ ပတ်သားအရွယ်မှာ သန္ဓေသားလေးဟာ ၉ စင်တီမီတာ (၃.၅ လက်မ)လောက် ရှိပြီဖြစ်ပါတယ်။ ကိုယ်အလေးချိန် ၄၅ ဂရမ် (၁.၅ အောင်စ)လောက်ရှိပြီ ဖြစ်ပါတယ်။
သံပယိုသီးအရွယ်လောက်ရှိပါပြီ။
ခန္ဓာကိုယ်ရဲ့ ကြီးထွားနှုန်း
ခန္ဓာကိုယ်ရဲ့ ကြီးထွားနှုန်း ဟာ ဦးခေါင်းပိုင်းထက် ပိုမြန်လာပါတယ်။ ခေါင်းကလည်း လည်ပင်းပေါ်မှာ ထောင်နေပါပြီ။ လက်ဗွေရာလေးတွေလည်း ပေါ်နေပါပြီ။
ခြေလက်များ
လက်များဟာ ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ အချိုးကျ ကြီးထွားနေပါ တယ်။ ခြေထောက်ပိုင်းကတော့ အချိုးကျဖြစ်ဖို့ ဆက်လက်ရှည်ထွက်လာရပါအုံးမယ်။ ခြေလက်တွေလှုပ်ရှားမှု ပိုမိုပြီး ဟန်ချက်ညီလာတာတွေ့ရပါတယ်။မေမေတို့မခံစားရပေမဲ့လက်လေး တွေ ခြေထောက်လေးတွေဟာ ပိုမိုလှုပ်ရှားလာပြီး ကန်နေပါပြီ။ ခြေသဲ လက်သဲလေးတွေလည်း စပေါ်နေပါပြီ။ မျက်နှာကြွက်သားမျာလှုပ်ရှားလာပြီး မျက်မှောင်ကြုံ့တာ၊ စောင်းကြည့်တာ၊ မျက်နှာမဲ့တာ စတဲ့ မျက်နှာ အမူအရာပြောင်းတာတွေစတွေ့ရပါတယ်။ မှိတ်ထားတဲ့ မျက်ခွံအောက်မှာ မျက်လုံး စလှုပ်ရှားတာတွေ့ရပါတယ်။ ပါးစပ်ကလည်း စုပ်တတ်လာပါတယ်။ ပါးစပ်နားရောက်လာတဲ့ လက်ချောင်းလေးတွေကို စုပ်နေတတ်ပါတယ်။ အစားကိုဝါးသလို ဝါးတဲ့လှုပ်ရှားမှုလေးတွေလည်း စလုပ်နေပါပြီ။
ဦးခေါင်းနဲ့ ခန္ဓာကိုယ်
ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ အမွှေးနုလေးများ (Lanugo hair) စပေါက်လာပြီးဖြစ်ပါ တယ်။ အဲ့ဒီ အမွှေးနုလေးတွေဟာ ခန္ဓာကိုယ် အပူအအေးကို ထိန်းရာမှာ ကူညီပါတယ်။ မမွေးခင် လေးပတ် အလိုလောက်မှာ ပြန်ကျွတ်တတ်ပါတယ်။ ဒါပေမဲ့ မွေးတဲ့အချိန်မှာ ဒီအမွှေးနုလေးများ ပါလာသေးတာ တွေ့ရတတ်ပါတယ်။