၆ပတ်သားမှာတော့ သန္ဓေသားလေးက Ultrasound မှာကြည့်ရင် ရေအိတ်လေးလို သားအိမ်ထဲမှာ တွယ်တာတွေ့နေရပါပြီ။ သန္ဓေသားလေးလည်း စပေါ်နေပါပြီ။ သန္ဓေသားလေးက ဘယ်လောက်အရွယ်ဖြစ်မလဲဆိုတော့ ပဲနီစေ့အရွယ်လောက် ဖြစ်နေပါပြီ။ အခုဆိုပိုပြီး သိသိသာသာ ကွဲပြားလာပါတယ်။ ခေါင်းပိုင်းမှာဆိုရင် မျက်လုံးလေးတွေ အရာလေးတွေကလည်း ပိုပီပြင်လာတယ်။ နှာခေါင်းဖြစ်မယ့်နေရာလေးတွေ ပိုပီပြင်လာတယ်။ နားရွက်နေရာလေးတေကလည်း ချိုင့်လေးတွေက ပိုပြီးတော့ ပီပြင်လာပါတယ်။ ခြေလက်လေးတွေကလည်း အတက်လေး (လှော်တက်သေးသေးလေးလို) အတက်ကလေးတွေ စထွက်နေပြီ ဖြစ်ပါတယ်။ လူကြီးမှာတော့ ကျောရိုးက မြီးညှောင့်ရိုးအနေနဲ့ အဆုံးသတ်သွားတယ်။ အဲ့ဒီ့မှာ ခန္ဓာကိုယ်ရဲ့အထက်ကို ရှည်ပြီး ချွန်ထွက်ပြီးတော့ အမြီးလေးလို ထွက်နေတယ်။ ကျန်တဲ့ သတ္တဝါတွေမှာ အမြီးပါသလိုပဲ သန္ဓေသားဘဝမှာ အမြီးပါပါတယ်။ အဲ့အမြီးလေးက နောက်ရက်သတ္တပတ် အနည်းငယ်မှာ ပြန်ပျောက်သွားပါတယ်။ ၆ပတ်သားမှာတော့ ပိုပြီး ပီပီပြင်ပြင် ဖြစ်လာပြီ။ သို့သော်လည်းပဲ နှလုံးက အခန်း၄ခန်းပါတဲ့အဆင့်ကို မရောက်သေးပါဘူး။ ဖွံ့ဖြိုးဆဲပဲ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း ပိုပြီးမြန်လာပြီးတော့ ၁၄၀ bpm ( အမေနှလုံးခုန်နှုန်းရဲ့ ၂ဆနီးပါး) လောက် ခုန်နေပြီ ဖြစ်ပါတယ်။ Ultrasound မှာ ကြည့်မယ်ဆိုရင်လည်း ဒီနှလုံးခုန်နေတဲ့ဟာကို မြင်နေရသလို နှလုံးခုန်နေတဲ့ wave ပုံလေးတွေကိုလည်း ကြည့်လိုရပြီဖြစ်ပါတယ်။