
ထိုင်နေရာကနေ ရုတ်ခနဲ ထလိုက်ရင် ရိပ်ခနဲ မိုက်ခနဲ ခေါင်းမူးပြီးတော့ လူက ယိုင်သွားတာမျိုး လူအတော်များများ ကြုံဖူးကြပါလိမ့်မယ်။ ထိုသို့ ဖြစ်ခြင်း သည် သိပ်မစိုးရိမ်လောက်သော ကျန်းမာရေး ပြဿနာ ဖြစ်သော်လည်း သူ့နောက် ဆက်တွဲများကား စိုးရိမ်စရာတေွ ရှိသဖြင့် ထိုကဲ့သို့ ဖြစ်ပါများလာလှျင်တော့ မပေါ့ဆဘဲ သေချာ ဂရုစိုက်ကြဖို့ လိုပါတယ်။ အဲဒီလိုဖြစ်တာဟာ ခန္ဓာကိုယ်စနစ်မှာ တစ်ခုခု မှားနေပြီဆိုတာကို ပြလိုက်တာပဲဟု အမေရိကန် နယူးဂျာစီ ပြည်နယ် ချက်စတာမြို့ရှိ ဆဖိုင်းယားအမျိုးသမီး ကျန်းမာရေး စင်တာမှ ဒေါက်တာ ဒေါ်နီကာမိုးက ပြောပါတယ်။ အထူးသဖြင့် အသက်ကြီးသူတေွမှာ ဖြစ်တတ်တယ်။ ဆေးဝါးများ သောက်သုံးရာမှ ဘေးထွက်ဆိုးကျိုး ဖြစ်တတ်သလို၊ အသက်ကြီးလာလို့ ခန္ဓာကိုယ်မှာ အပြောင်းအလဲ ဖြစ်လာခြင်းကြောင့်လည်း မိုက်ခနဲ မူးခနဲ ဖြစ်သွားတာမျိုး ကြုံရတတ်ပါတယ်။ ဒီလို တစ်ခါတလေ မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်း သက်သက်ကား သိပ်စိုးရိမ်စရာ မရှိသော်လည်း အမြင့်တစ်နေရာရာတွင် ရပ်နေချိိန် မိုက်ခနဲ ဖြစ်သွားပါက ပြုတ်ကျခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်းမှသည် အသက်အန္တရာယ် ထိပါ စိုးရိမ်ရသည့် နောက်ဆက်တွဲများကို သတိထားရမည်ဟု ဒေါက်တာမိုးက ပြောကြားခဲ့ပါတယ်။ မူးခနဲ မိုက်ခနဲ ဖြစ်သွားလှျင် အရင်ဦးဆုံး လုပ်ဖို့က ထိုင်ချလိုက်ဖို့ပါပဲ။ သို့မှသာ သင် အနေနဲ့ လဲကျ သွားခြင်းကို ကာကွယ်နိုင်မှာပါ။ မလုပ်သင့်ဆုံးကား မူးခနဲ မိုက်ခနဲ ဖြစ်သွားပြီး မကြာခင်မှာပင် ကားမောင်းခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်က စိုးရိမ်လို့ ကိုယ်တိုင် ကားမောင်းပြီး ဆေးရုံသွားဖို့ ကြိုးစားမည်ဆိုလှျင်ပင် ဆေးရုံမရောက်ဘဲ လမ်းမှာပင် ယာဉ်မတော်တဆ ဖြစ်ခြင်းမျိုး ကြုံတေွ့ရ နိုင်ပါတယ်။ ဒါဆို ဘာကြောင့် မူးခနဲ မိုက်ခနဲ ဖြစ်သွားရသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်ပျက်ပုံ အကြောင်းရင်း ခုနစ်ချက်ကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်နေခြင်း
----------------------------------------------------
နေပူအောက်မှာ လေှျာက်ပါများခြင်း၊ ခရီးဝေးကားထိုင်စီးနေရခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ အပြင်းအထန်လုပ်ခြင်း၊ အလုပ်တေွများလွန်းသဖြင့် စားဖို့ သောက်ဖို့ပင် ကောင်းကောင်း အချိန်မပေးနိုင်ခြင်းတို့ကြောင့် လူဟာ ရုတ်တရက် ရေဓာတ်ခန်းခြောက် သွားတာပါ။ ထိုသို့ ဖြစ်နေစဉ်တွင် ရုတ်တရက် ထလိုက်ပါက မူးခနဲ မိုက်ခနဲ ဖြစ်သွားရတော့တာပါပဲ။
ကုသနည်း
--------------
ခေါင်းတေွ ချာချာလည်၊ အခန်းကြီးကလည်း ချာချာလည် ဖြစ်နေပါက ရေနည်းနည်းချင်း သောက်ပါ။ လိမ္မော်ရည်လို ၊ သံပုရာရည်လိုမျိုး သောက်နိုင်ရင် ပိုကောင်းပါတယ်။ ဖျော်ရည်များ သောက်ခြင်းဖြင့် သကြားဓာတ်ကိုပါ ရရှိသဖြင့် ခွန်အားကိုပါ ဖြစ်စေတယ်။ ထိုသို့ သောက်ပြီးသည်နှင့် ကိုယ်အခြေအနေ ကောင်းလာလား စောင့်ကြည့်။ ပြီးရင် သေွးတွင်း သကြားဓာတ်ပါဝင်မှု နည်းနေ လှျင်လည်း လူသည် အားနည်းကာ မူးခနဲ မိုက်ခနဲ ဖြစ်တတ်ပါတယ်။ ဖျော်ရည်ထဲတွင် ပါသော သကြားဓာတ်သည် သေွးတွင်း သကြားပမာဏကို မြှင့်တင်ပေးနိုင်သဖြင့် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမှ ပြန်ကောင်းလာအောင် ကူညီပေးနိုင်တယ်။ ထိုသို့ သောက်ပြီး ( ၁ဝ ) မိနစ်၊ ( ၁၅ ) မိနစ်လောက်နေလို့မှ မသက်သာလှျင် ဆရာဝန်ကို ခေါ်ကာ ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

၂။ အသက်ကြီးလို့ မူးဝေခြင်း
----------------------------------
အသက်ကြီးလာတဲ့အခါ နားထဲတွင် ရှိသော အရည်ကြည်များ လှုပ်ရမ်းမှုကြောင့်လည်း မူးခနဲ မိုက်ခနဲ ဖြစ်တတ်ပါတယ်။ အသက် ( ၅၀) ကျော်လာရင် အိပ်နေရာမှ ရုတ်တရက် ထလိုက်လှျင် မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းတွင် အဓိကလက်သည်မှာ ထိုသို့ နားထဲမှ အရည်ကြည်များကြောင့် ဖြစ်ကြောင်း ဒေါက်တာမိုးက ပြောတယ်။ ဒါဟာ လှဲအိပ်နေချိန်တွင် ဦးခေါင်းကို ထားသည့် ပုံစံပေါ်တွင်လည်း မူတည်ပြီးတော့လည်း ဖြစ်တတ်ပါတယ်။ အချို့သော ပုံစံမျိုးဖြင့် ခေါင်းချ လှဲအိပ်ပြီး ထလိုက်လှျင် မူးခနဲ မိုက်ခနဲ မဖြစ်သော်လည်း အချို့သော ပုံစံမျိုးဖြင့် အိပ်ပြီး ထလှျင်ကား ဖြစ်သွားတတ်တယ်။ ဒါပေမယ့် လူတစ်ဦးနှင့် တစ်ဦး ကွာခြားတတ်ပါတယ်။ ဒါကြောင့် မိမိကို မမူးစေသော ပုံစံဖြင့် ရေွးချယ် အိပ်စက်ဖြစ်အောင်လည်း သတိထားရပါမယ်။ ဘယ်လိုပဲ လုပ်လုပ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းက မပျောက်ဘူးဆိုရင်တော့ ဆရာဝန်နှင့် ပြသ ဆေွးနေွးသင့်ပါတယ်။
ကုသနည်း
--------------
ထလိုက်လှျင် မူးခနဲ မဖြစ်စေမည့် ဦးခေါင်း ထားသည့် ပုံစံမျိုး လုပ်ကြည့်သည့်တိုင် ဆက်ပြီး မူးဆဲ ဆိုပါက အမူးပျောက်အောင် ရည်ရွယ် ဖန်တီးထားသည့် တရားထိုင်နည်း ပုံစံများကို ဆရာဝန်နှင့် တိုင်ပင်ပြီးတော့ စမ်းသပ်ကြည့်သင့်ပါတယ်။

၃။ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် အသေးစား လေဖြတ်ခြင်း၏ ရေှ့ပြေးလက္ခဏာ
--------------------------------------------------------------------------------------------
ထိုင်ရာက ထလိုက်ချိန်၊ လှဲနေရာက ထလိုက်ချိန်များတွင် မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းသည် စိုးရိမ်လောက်သော ကျန်းမာရေး ပြဿနာ မဟုတ်သော်လည်း ထိုကဲ့သို့ မူးခနဲ မိုက်ခနဲ ဖြစ်သွားချိန်မျိုးတွင် ခန္ဓာကိုယ် တစ်ခြမ်းတည်း နာကျင်ခြင်းမျိုး၊ တစ်ခြမ်းဆွဲ သွားခြင်းမျိုး၊ ခြေလက် လှုပ်ရှားမှုကို မထိန်းနိုင်တော့ခြင်းမျိုး၊ ခေါင်းတအား ကိုက်တတ်လာခြင်းမျိုး၊ စကားသံ မပီတော့ခြင်းမျိုးပါ တွဲပြီး ဖြစ်လာရင်တော့ ထိုလက္ခဏာသည် လေဖြတ်မည့် ရေှ့ပြေး လက္ခဏာပဲ ဖြစ်ပါတယ်။ ဒါဆို ကျှမ်းကျင်တဲ့ဆရာဝန်နှင့် တိုင်ပင်ပြီးတော့ ကျန်းမာရေး စစ်ဆေးမှု အမြန်ဆုံး ခံယူ သင့်ပါတယ်။
ကုသနည်း
-------------
လေဖြတ်နိုင်ခြေ ရှိကြောင်း စစ်ဆေးတေွ့ရှိပါက ကြိုတင် ကာကွယ်သော အားဖြင့် သေွးခဲပြီး သေွးကြော ပိတ်ခြင်းကို ကာကွယ်နိုင်မယ့် ဆေးမျိုး၊ သေွးပေါင်ချိန် ကျစေမယ့် ဆေးမျိုးကို ဆရာဝန် ညွှန်ကြားချက်ဖြင့် သောက်သုံးရပါမယ်။ လေဖြတ်နိုင်ခြေ အမျိုးအစားပေါ် မူတည်ပြီး နောက်ထပ် ပြည့်စုံသော ကျန်းမာရေး စစ်ဆေးကုသမှုများလည်း ကြိုတင် ခံယူထားရပါမယ်။

၄။ ဆေးတေွ သောက်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်း
-----------------------------------------------------------------------------------------
ဆေးကတ်တေွ၊ ဆေးဘူးတေွမှာ ဖော်ပြထားသော ဘေးထွက် ဆိုးကျိုး သတိပေးချက်များထဲတွင် ထိုဆေးသောက်လှျင် ဘေးထွက် ဆိုးကျိုးအဖြစ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုး ကြုံရနိုင်သည်ဟု ဖော်ပြ ထားခြင်းမျိုးကို တေွ့နိုင်ပါတယ်။ ဒါကြောင့် မိမိကလည်း တစ်လောကမှ ရောဂါ တစ်ခုခုကြောင့် ဆေးဝါး တစ်မျိုးမျိုးကို မှီဝဲနေရတယ်ဆိုပါက မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် ထိုဆေးဝါးများနှင့် ပတ်သက် နေနိုင်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်နှင့် ပြသပြီး ဆေးပြောင်း သောက်သင့်လား၊ ဆေးသောက်တာ လုံးဝ ရပ်ပစ်သင့်လားဆိုတာကို သေချာ စဉ်းစားဆုံးဖြတ်ရပါမယ်။သေွးတိုး၊ သေွးကျဆိုင်ရာ ဆေးဝါးများသည် မူးခနဲ မိုက်ခနဲ ဖြစ်စေသည့် အဓိက လက်သည် ဆေးဝါးတေွပဲ ဖြစ်ပါတယ်။ ဆေးသောက်လိုက်ပြီး နောက်ပိုင်း သေွးအလွန်အမင်း တိုးသွားခြင်းမျိုး၊ ကျသွားခြင်းမျိုး မဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။
ကုသနည်း
-------------
ကိုယ်သောက်သုံးသည့် ဆေးဝါးသမိုင်းကြောင်း အပြည့်အစုံကိုပါ ဆရာဝန်ကို ပြောပြကာ မိမိ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းနဲ့ ထိုဆေးဝါးများနဲ့ သက်ဆိုင်မှု ရှိမရှိ မေးမြန်း လမ်းညွှန်ချက် ခံယူပါ။ ပြီးရင် ဆေးကို နည်းနည်းလောက် ပြောင်းလိုက်ခြင်းမျိုး၊ မလိုတာများ လေှျာ့သောက်လိုက်ခြင်းမျိုးကလည်း မိမိကို မူးခနဲမိုက်ခနဲ ရန်မှ သက်သာရာ ရစေနိုင်ပါတယ်။

၅။ သေွးတွင်း သံဓာတ်လျော့နည်းနေခြင်း
-----------------------------------------------------
သေွးထဲမှာ သံဓာတ်လျော့နည်းနေပါက လူသည် အားကုန်နေတတ်ပါတယ်။ အလို လိုနေရင်း စိတ်လည်း ပင်ပန်းနေတတ်ပါတယ်။ ပြီးလှျင် မူးခနဲ မိုက်ခနဲလည်း ပိုပြီး ဖြစ်တတ်ပါတယ်။
ကုသနည်း
-------------
ထိုအခြေအနေမျိုးတွင် သေွးဖောက်စစ်ကာ သေွးတွင်း သံဓာတ် နည်းလာ များလားဆိုတာ စစ်ဆေးရပါမယ်။ ရလဒ်ကို သိလာသည့်အခါ ဆရာဝန် အနေဖြင့် သေွးတွင်း သံဓာတ်အားကောင်း လာအောင်ဆေးဝါးများ ညွှန်ကြားပေးနိုင်တယ်။ ဒါဆို သေွးတွင်း သံဓာတ် အားကောင်းလာသည့်အခါ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းလည်း အလိုလို သက်သာလာပါလိမ့်မယ်။

၆။ သေွးတွင်းသကြားဓာတ် နည်းပါးနေခြင်း
-------------------------------------------------------
သေွးတွင်း သကြားဓာတ်နည်းနေသည့် အခါ လူသည် ချေွးထွက်လွန်၊ ဂဏာမငြိမ် ဖြစ်လာတတ်တယ်။ စိတ်တေွလည်း ဂယောက် ဂယက် ဖြစ်လာတတ်ပြီး သေွးပေါင်လည်း ကျသွားကာ နောက်ဆုံးတွင် လုံးဝ မူးလဲသွားသည့် အဆင့်ထိ ရောက်သွားတတ်ပါတယ်။ အလုပ် အလွန်အကျှံ လုပ်ခြင်း၊ အလွန်အမင်း စိတ်အား လူအားစိုက်ခြင်း၊ တစ်နေ့လုံး နီးပါး ရေနှင့် အစားအသောက် မဆိုသလောက်သာ စားသောက်ပြီး အလုပ်ချည်းပဲ ဖိလုပ်နေခြင်းများကြောင့်လည်း သေွးတွင်း သကြားဓာတ် အလွန်အမင်း ကျဆင်းသွားရတာပါ။
ကုသနည်း
--------------
အချိုဓာတ်ပါတာတေွ စားပေးပါ။ ဒါမှမဟုတ် အချိုရည် တစ်မျိုးမျိုး သောက်ပါ။ အရေးပေါ် အခြေအနေမျိုးတွင် သကြားကို ဖျော်သောက်ခြင်းဟာလည်း အသုံးဝင်ပါတယ်။ လိုအပ်ပါက သကြားလုံးကိုပင် ငုံထားသင့်တယ်။ သို့မှသာ သေွးတွင်းသကြားဓာတ် မြန်မြန်ပြန်ပြည့်ပြီး လူလည်း ပြန်ကြည်လင် လာမှာပဲ ဖြစ်ပါတယ်။

၇။ သေွးပေါင်ကျခြင်းကြောင့်လည်း မူးခနဲ မိုက်ခနဲ ဖြစ်တတ်တယ်
----------------------------------------------------------------------
အပေါ်သေွး ( ၁ဝဝ ) အောက်၊ အောက်သေွး ( ၆ဝ ) အောက်ကျ သွားလှျင်ကား သေွးပေါင်ကျနေပြီဟု သတ်မှတ်နိုင်ပါတယ်။ ထိုအခါ လူသည် အားအင် နည်းပါးကာ ရုတ်တရက် ထလိုက်လှျင် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုးနဲ့ ကြုံရနိုင်ပါတယ်။
ကုသနည်း
--------------
အခြေအနေပေါ် မူတည်ပြီးတော့ ကုသနည်းလည်း ကွဲပြား နိုင်ပါတယ်။ ဆရာဝန်က ဆားဓာတ် များများ စားပေးဖို့ ညွှန်ကြားချင် ညွှန်ကြားနိုင်သလို၊ သေွးပေါင်ချိန် ပြန်တက်လာစေရန်အတွက်လည်း ရေများများ သောက်ဖို့လည်း ညွှန်ကြားလေ့ရှိပါတယ်။ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် ကျန်းမာရေးအတွက် အဓိက စိုးရိမ်စရာကြီး မဟုတ်သော်လည်း နောက်ဆက်တွဲအနေဖြင့် လုံးဝ မူးလဲကာ၊ ဘာကိုမှ မမှတ်မိတော့လောက်အောင် ဖြစ်ခြင်း၊ ရင်ဘတ်ပါ အောင့်လာခြင်း၊ ခေါင်းတေွ တအား ထိုးကိုက်လာခြင်း၊ အမြင်တေွ မှုန်ဝါး၊ စကားပါမပီ ဖြစ်လာခြင်း ၊နားကပါ ဘာမှ မကြားနိုင်အောင် ဖြစ်လာခြင်းမျိုး ကြုံလာလှျင်တော့ ဆရာဝန်နှင့် အမြန်ဆုံး ပြသပြီး ကုသမှုကို သေသေချာချာ ခံယူသွားရပါမယ်။
#Ref(Daily Health news - ရုတ်တရက် မူးသွားခြင်းအကြောင်းသိကောင်းစရာများဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)