
သင်တို့ရဲ့ ကလေးငယ်တွေကို သေချာပေါက် နမ်းရှုံ့ကြဖူးမှာပါ။ အထူးသဖြင့် မွေးကင်းစ ကလေးငယ်တွေကိုပေါ့။ သူတို့ရဲ့ ခြေဖဝါးနုနုလေးတွေ ၊ လက်ချောင်းသေးသေးလေးတွေ ၊ နုနယ်လှတဲ့ ပါးပြင်နဲ့ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးတွေဟာ တကယ့်ကို ချစ်စရာကောင်းလွန်းတာကြောင့် မြင်တာနဲ့ နမ်းချင်ကြမှာပါပဲ။

ဒါ့ပေမယ့် သင့်ကလေးကို ဘယ်လောက်ပဲချစ်ချစ် မွေးကင်းစအချိန်ကနေ ၂လသားအရွယ်အထိ သင့်ကလေးငယ်ရဲ့ နှုတ်ခမ်းကို လုံးဝမနမ်းသင့်ပါဘူး။ သင်ကိုယ်တိုင်မနမ်းသင့်သလို ဆွေမျိုးနဲ့ သူစိမ်းတွေကိုလည်း ပေးမနမ်းသင့်ပါဘူး။ ဘာကြောင့်မနမ်းသင့်တာလဲ ဘယ်လို အန္တရာယ်တွေ ရှိနိုင်သလဲဆိုတာ သင်သိရင် တကယ့်ကို အံ့အားသင့်သွားမှာ အသေအချာပါ။

မကြာသေးမီကမှ တစ်လသားအရွယ်ကလေးတစ်ဦးဟာ နှုတ်ခမ်းနမ်းရှုံ့ခံရမှုမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးကူးစက်ပြီး သေဆုံးခဲ့ကြောင်း မိဘနှစ်ပါးမှ ဝမ်းနည်းစွာဖြင့် ကြေငြာသွားခဲ့ပါတယ်။ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ နှုတ်ခမ်းကို အကြင်နာပေးခြင်းဟာ လူကြီးတွေမှာ ပြဿနာကြီးကြီးမားမား မရှိပေမယ့် ကလေးငယ်တွေမှာတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ထိခိုက်မှု ရှိနိုင်ပါတယ်။

နုနယ်လှတဲ့ လသားအရွယ် နို့စို့အရွယ်ကလေးငယ်အနေနဲ့ ကိုယ်ခံအားအခြေအနေဟာ ဖွံ့ဖြိုးဆဲအဆင့်မှာသာ ရှိသေးတာကြောင့် ဗိုင်းရပ်စ်ပိုးတွေဟာ အလွယ်တကူ ရှင်သန်နေနိုင်ပါတယ်။ မိခင်နို့ရည်တစ်မျိုးတည်းနဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်နေရချိန်မှာ ယခုလို နှုတ်ခမ်းကို နမ်းရှုံ့ခြင်းကြောင့် ဆိုးဆိုးရွားရွား အနာရောဂါတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

မိခင်တွေအနေနဲ့ မွေးကင်းစအရွယ်ကနေ အနည်းဆုံး ခြောက်လသားအရွယ်အထိ သင့်ရဲ့ရင်သွေးငယ် ကျန်းမာသန်စွမ်းရေးအတွက် အထူးဂရုတစိုက်နဲ့ မျက်ခြေမပြတ်စောင့်ကြည့်ထားရမှာပါ။ အထူးသဖြင့် အန္တရာယ်ကြီးမားလှတဲ့ နှုတ်ခမ်းကိုနမ်းရှုံ့ခြင်းကိုတော့ မဖြစ်မနေ ရှောင်ကြဉ်သွားရမှာ ဖြစ်ပါတယ်။
HYA (kyarlay)