
အခုလို နွေရာသီမှာ ကလေးငယ်များ အပြင်ထွက်တဲ့အခါ သူတို့အတွက် နေပူဒဏ်ကာကွယ်ပေးနိုင်ဖို့အတွက် အပေါ်မှထပ်ကာ ချည်သားအကျီ၊ ဦးထုပ်၊ ဖိနပ်များကို ဝတ်ဆင်ပေးပါ။ အခုလို ဝတ်ဆင်ပေးထားခြင်းအားဖြင့် နေပူပြင်းတဲ့ ခရမ်းလွန်ရောင်ခြည်ကို အများကြီး ကာကွယ်ပေးနိုင်ပါတယ်။
တချို့ကလေးများဟာ နေပူလွန်းရင် ချွေးထွက်ပြီး ပူအိုက်တတ်တာကြောင့် အခုလို အကျီတွေ၊ ဦးထုပ်တွေကို မဝတ်ဆင်ချင်ကြဘူး။ လွတ်လွတ်လပ်လပ်နဲ့ပဲ ဆော့ကစားချင်ကြပါတယ်။ မဝတ်ချင်လို့ ငြင်းဆန်တဲ့အခါ သူတို့နားလည်သဘောပေါက်အောင် ပြောပြပေးဖို့ လိုပါတယ်။ ဥပမာ - နေပူထဲဆော့လို့ ဖျားရင် ဆရာဝန်က အပ်ကြီးကြီးနဲ့ ဆေးထိုးလိမ့်မယ်ဆိုတာမျိုးပေါ့။ အရမ်းနေပူလွန်းရင်လည်း ကလေးများကို ကစားခွင့်မပေးသင့်ပါဘူး။
မိမိရဲ့ ကလေးများ အပြင်ထွက်ကစားတဲ့အခါမှာ နံနက်စောစောပိုင်းမှာပဲ အပြင်ထွက် ကစားခိုင်းဖို့ လိုအပ်ပါတယ်။ နေပူရှိန်ပြင်းလွန်းတဲ့ ၁၀ နာရီမှ ၄ နာရီ အတွင်းမှာ မကစားပါစေနဲ့။ ဘာကြောင့်လည်းဆိုရင် အဲဒီအချိန်တွေဟာ နေပူကောင်းလွန်းတဲ့အချိန်ဖြစ်တာကြောင့် ကလေးများရဲ့ ခွန်အားတွေကို နေပူရှိန်က စုပ်ယူသွားနိုင်ပါတယ်။ ကလေးငယ်များ ချွေးထွက်လွန်းပြီး အားအင်များ ယုတ်လျော့လာနိုင်ပါတယ်။

နေပူရှိန်ဒဏ်ကြောင့် ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ဖျားနာခြင်းများ ဖြစ်တတ်တာကြောင့် ကလေးများကို ကစားစေတဲ့အခါမှာ နံနက်ပိုင်းတေွမှာ ကစားတာကိုပဲ ခွင့်ပြုပေးစေချင်ပါတယ်။ နေ့လယ်နေပူချိန်မှာ ဘာကြောင့်မကစားခိုင်းတာလည်းဆိုတာကို ကလေးများကို သေချာရှင်းပြပေးဖို့ လိုပါတယ်။ ဒါမှ မိဘက ဘာကြောင့် မကစားခိုင်းတယ်ဆိုတာ သူတို့နားလည်နိုင်မှာပါ။
HYA (kyarlay)