
ထူးခြားတဲ့ပုံသဏ္ဍာန်ရှိပြီး ချိမြိန်လှတဲ့ ကြက်မောက်သီးဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ အများအပြားတွေ့ရလေ့ရှိတဲ့ အသီးတစ်မျိုးပါ။ ကြက်မောက်သီးဟာ အာဟာရဓာတ်တွေ ကြွယ်ဝတာကြောင့် စားသုံးတဲ့အခါ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကြက်မောက်သီးရဲ့ အပူဓာတ်ကြောင့် မတော်တဆ ကိုယ်ဝန်ပျက်ကျမှာကို စိုးရိမ်နေကြပါတယ်။

ဒီ့အတွက်လည်း ကိုယ်ဝန်ဆောင်မိခင်တွေစားသုံးတဲ့အခါ အန္တရာယ်မရှိကြောင်း သက်သေပြနိုင်မယ့် သိပ္ပံပညာဆိုင်ရာ အထောက်အထားတွေက လုံလောက်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ကြက်မောက်သီးမှာပါဝင်တဲ့ ဗီတာမင်C ဟာ မိခင်လောင်းတွေကို ဖျားနာခြင်း ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အချိုဓာတ်အပြင် အနည်းငယ် ချဉ်ပြုံးပြုံးအရသာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်ပွားတတ်တဲ့ ခေါင်းကိုက်ခြင်း ၊ ပျို့အန်ခြင်း ၊ မူးဝေခြင်းတို့ကို သက်သာစေမှာ ဖြစ်ပါတယ်။

ကြက်မောက်သီးမှာ အစာခြေကို ကြေညက်လွယ်စေတဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပြန်ပါတယ်။ ဒီ့အတွက်ကြောင့် မိခင်လောင်းတွေရဲ့ အစာခြေစနစ် လည်ပတ်မှုကို ကောင်းမွန်စေမှာပါ။ ဒါ့အပြင် သံဓာတ်လည်း ပါဝင်နေသေးတာကြောင့် ဟေမိုဂလိုဘင် ပမာဏကို တိုးမြှင့်ပေးပြီး မူးမော်ခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

ကြက်မောက်သီးမှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်က မိခင်လောင်းရဲ့ အရိုးနဲ့ကြွက်သား သန်မာမှုကို ကောင်းမွန်စေမယ့်အပြင် သန္ဓေသားရဲ့ကိုယ်အလေးချိန် ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကြက်မောက်သီးစားတဲ့အခါမှာ အများကြီးစားဖို့တော့ မသင့်တော်ပါဘူး။

အမှည့်လွန်နေတဲ့ ကြက်မောက်သီးတွေမှာ သကြားပါဝင်မှုပမာဏ များပြားတာကြောင့် သွေးအတွင်း သကြားဓာတ်ကို တိုးမြှင့်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်မောက်သီးရွေးချယ်ဝယ်ယူရာမှာ လတ်ဆတ်သန့်ရှင်းပြီး အနီရောင်ရဲနေတဲ့ အသီးမျိုးကိုသာ ဝယ်ယူစားသုံး သင့်ပါတယ်။
HYA (kyarlay)