
မိခင်တွေဟာ သူတို့ရဲ့ သားသားမီးမီးလေးတွေကို နို့ချိုတိုက်ကျွေးရင်း ကိုက်လိုက်လို့ ခံစားရခက်တဲ့ ဝေဒနာတွေကို ကျိတ်မှိတ်ခံစားလိုက်ရတာ ကြုံဖူးကြမှာပါ။ နို့စို့ရင်းနဲ့ကိုက်တတ်တဲ့ ရင်သွေးငယ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ မိခင်လောင်းတွေအတွက် သိထားသင့်သမျှ အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။
ရင်သွေးငယ်လေးတွေဟာ ဘာ့ကြောင့်နို့စို့ရင်းနဲ့ ကိုက်တတ်ကြတာပါလဲ? အဲ့ဒီ့လိုကိုက်ခြင်း ဖြစ်ပေါ်စေတဲ့ အဓိကအချက်က ကလေးတွေ နို့စို့တဲ့အခါမှာ အားမရတာကြောင့် ဖြစ်နိုင်ပါတယ်။ နို့စို့နေပေမယ့် နို့မဝတဲ့အခါမျိုး ၊ မိခင်က နို့ချိုတိုက်ကျွေးတဲ့ပုံစံ မှားယွင်းနေတဲ့အခါမျိုးမှာ ကိုက်တတ်ပါတယ်။
တစ်ခါတစ်ရံမှာတော့ နို့စို့ရင်း ကလေးအိပ်ပျော်သွားပြီး မေမေလှုပ်လိုက်လို့ နိုးသွားတဲ့အခါမျိုးမှာ လန့်ပြီးကိုက်တတ်ပါတယ်။ နောက်တစ်ချက်ကတော့ နို့စို့နေတဲ့အချိန်မှာ ကလေးကအေးနေရင် ၊ နားရွက်လေးတွေ အေးနေမယ်ဆိုရင်လည်း ကိုက်တတ်တယ်လို့ဆိုပါတယ်။ အဲ့ဒါကြောင့် ရင်သွေးငယ်လေးကို နို့တိုက်နေချိန်မှာ နွေးနွေးထွေးထွေးဖြစ်အောင်ထားဖို့ လိုပါတယ်။
သားသားမီးမီးလေးတွေ နို့စို့ရင်းနဲ့ မကိုက်မိစေဖို့အတွက်ဆိုရင်တော့ မေမေတို့က နို့နဲ့ကလေးရဲ့ငုံတဲ့နှုတ်ခမ်းထောင့်လေးကို လက်နဲ့အသာလေးထိန်းပြီး ထောက်ထားပေးလို့ရပါတယ်။ ဒီနည်းက ကလေးငယ်မကိုက်မိအောင် အာရုံလွဲနေပါလိမ့်မယ်။ နောက်တစ်ခု မေမေတို့ သတိပြုရမယ့်အချက်က အတင်းဆွဲတာမျိုး ၊ အော်တာမျိုး မလုပ်မိပါစေနဲ့။
အဲ့လိုလုပ်ခြင်းကြောင့် ကလေးလန့်သွားပြီး ပိုကိုက်မိသွားတတ်ပါတယ်။ အဲ့လိုအော်လိုက်ခြင်းအားဖြင့် ကလေးငယ်မှာ စိတ်ဒဏ်ရာရသွားနိုင်ပါတယ်။ မတော်တဆ ကလေးနို့စို့ရင်း ကိုက်တာကို ခံလိုက်ရမယ်ဆိုရင်တော့ ကလေးကိုချော့ပြီး နို့သီးခေါင်းလေးနဲ့ နှုတ်ခမ်းထောင့်လေးကို လက်လေးနဲ့အသာထိန်းပြီး ကလေးကိုက်တာ လျော့သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။
HYA (kyarlay)