
၂၈ ရက် ရာသီလာတဲ့ သူတွေအတွက် ရာသီစပေါ်တဲ့ နှစ်ပတ်မြောက်နေ့မှာ သားဥလေး ကြွေပါတယ်။ သားဥကြွေတဲ့အချိန်မှာ လိင်ဆက်ဆံခဲ့မိရင် မိန်းမကိုယ်ထဲသို့ သုက်ပိုးများ လျင်မြန်စွာ တက်လာကြပြီး စက္ကန့်ပိုင်းအတွင်း သားဥပြွန်ထဲကို ရောက်ကြပါတယ်။

သားဥလေးကို သုက်ပိုးများစွာထဲက အစွမ်းထက်တဲ့ သုက်ပိုးတစ်ကောင်သာ အောင်မြင်စွာနဲ့ သားဥလေးထဲ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ သုက်ပိုးလေးနဲ့ သားဥလေးတို့ ပေါင်းစပ်ပြီး မျိုးအောင်တဲ့ သားလောင်းလေး ဖြစ်လာပါတယ်။

လူသားလေးတစ်ယောက်ဖြစ်ဖို့ ဆဲလ်တွေ ကွဲပြားရပါတယ်။ ဆဲလ် ၁ ခုကနေ ၂ ခု၊ ၂ ခုကနေ ၄ ခု၊ ၄ ခုကနေ ၈ ခု၊ ၈ ကနေ ၁၆ ခု စသဖြင့် ကွဲပွားလာပြီး ဆဲလ်များစုစည်းထားတဲ့ ဆဲလ်ဘောလုံးကြီးလို ဖြစ်လာပါတယ်။

ဆဲလ်တွေ သိပ်များလာတဲ့အခါ ဆဲလ်တွေကထွက်တဲ့ အရည်တွေလည်း များလာပါတယ်။ အရည်တွေ သိပ်များလာတဲ့အခါမှာ ဆဲလ်တွေက တစ်ဘက်မှာကပ်နေတဲ့ အရည်အိတ်လို ဖြစ်လာပါတယ်။ ဒီအဆင့်မှာ သားအိမ်ထဲကို ပြန်ရောက်ပါတယ်။

သားလောင်းလေးဟာ ဥပြွန်လေးရဲ့ လှုပ်ရှားမှု ဥပြွန်အတွင်းနံရံမှာရှိတဲ့ အမျှင်လေးတွေရဲ့ တွန်းပို့မှုနဲ့ ဥပြွန်လမ်းကြောင်းကို ဖြတ်သန်းပြီး သားအိမ်ထဲကို ပြန်ဝင်လာပါတယ်။ ဒီခရီးလမ်းကို ဖြတ်သန်းဖို့ ၅ ရက် (နာရီပေါင်း ၁၂၀) အချိန်ယူရပါတယ်။
HYA (kyarlay)