လေယာဉ်ဖြင့်ခရီးသွားလာခြင်းဟာ အချိန်ကုန်လူပင်ပန်းသက်သာခြင်း ၊ လိုရာခရီးသို့ အဆင်ပြေ လွယ်ကူစွာ ရောက်ရှိနိုင်ခြင်းတို့ကြောင့် ပိုပြီးလူကြိုက်များလာပါတယ်။ အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ လေယာဉ်ခရီးသွားဖို့ ကြုံလာတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်များကို ကျားလေးပရိသတ်များအတွက် ဖော်ပြပေးသွားချင်ပါတယ်။
လေယာဉ်ခရီးက ကျန်းမာသန်စွမ်းတဲ့ ပုံမှန်ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ သိပ်ပြီးထွေထွေထူးထူး စိုးရိမ်စရာမရှိပါဘူး။ လေယာဉ်မူးတတ်တဲ့ မိခင်တွေမှာတော့ လေယာဉ်မူးတာကို ဆိုးဝါးစွာ ခံစားရနိုင်ပါတယ်။ လေထုဖိအား ရုတ်တရက်ပြောင်းလဲမှုကြောင့် နားအူခြင်း ၊ နားပိတ်ခြင်းတွေတော့ ခံစားရနိုင်ပါတယ်။ အဓိကအများဆုံးစိတ်ပူတတ်ကြတဲ့ ကိုယ်ဝန်ပျက်ကျခြင်း ၊ ကလေးလမစေ့ဘဲ စောမွေးခြင်း ၊ ရေမြွာပေါက်ခြင်းတို့ဟာလည်း လေယာဉ်စီးခြင်းကြောင့် မဖြစ်နိုင်ပါဘူး။ ခရီးလမ်းကြောင်းဝေးတဲ့အခါမျိုးမှာတော့ ကြာကြာထိုင်ရတာကြောင့် ခြေထောက်သွေးကျတတ်ပါတယ်။
ထိုင်တဲ့အနေအထားမှာ ကလေးနဲ့သားအိမ်ဟာ ခြေထောက်ကပြန်လာတဲ့သွေးပြန်ကြောကြီးတွေကို ဖိထားတဲ့အတွက် နှလုံးကိုအပြည့်အဝပြန်မရောက်နိုင်တာကြောင့် ခြေထောက်က သွေးကျခြင်းဖြစ်တာပါ။ ခြေသလုံးထဲမှာသွေးအိုင်ရာမှ သွေးခဲတတ်ပါတယ်။ ကိုယ်ဝန်ရဲ့သဘာဝကလည်း သာမန်လူထက် သွေးခဲခြင်းကို အားပေးပါတယ်။ လေယာဉ်အချိန်ကြာမြင့်စွာစီးရတဲ့အခါ ခြေသလုံးကြွက်သားရှိသွေးကြောထဲတွင် သွေးခဲခြင်း (Deep Vein Thrombosis) လို့ခေါ်တဲ့ အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်တဲ့ ပြဿနာတစ်ခုကတော့ ရှိပါတယ်။ ခြေသလုံးကြွက်သားရှိ သွေးကြောထဲက သွေးခဲပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောမှာ သွားပိတ်ရင် ရုတ်တရက်ရင်ဘတ်အောင့်ပြီး အသက်ဆုံးရှုံးရတတ်ပါတယ်။
လေယာဉ်စီးချိန်၄နာရီထက်နည်းရင်တော့ ခြေသလုံးကြွက်သားရှိသွေးကြောထဲတွင် သွေးခဲခြင်းအတွက် စိတ်ပူစရာမရှိပါဘူး။ အချင်းအောက်ရောက်ပြီးသွေးဆင်းခြင်း ၊ ကိုယ်ဝန်ဆိပ်တက်ခြင်း ၊ သွေးရောဂါရှိခြင်း (Sickle Cell Disease) ၊ အလွန်အမင်းသွေးအားနည်းခြင်း (Severe Anaemia) ၊ လတ်တလောခွဲစိတ်ခံထားရခြင်း (ဥပမာ-အူအတက်ခွဲထားခြင်း) ၊ အရိုးကျိုးခြင်း ၊ နှလုံးနဲ့အဆုတ်မကောင်းတဲ့အတွက် လေယာဉ်စီးရန်ခက်ခဲခြင်းနဲ့ မွေးနိုင်ခြေရှိတဲ့ အခြေအနေကို ရောက်ရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေကတော့ လေယာဉ်စီးဖို့ မသင့်တော်တဲ့ မိခင်လောင်းတွေ ဖြစ်ပါတယ်။
ပုံမှန်ကျန်းမာသန်စွမ်းတဲ့ မိခင်လောင်းတစ်ယောက်ဟာ ကိုယ်ဝန် ၃၇ပတ်အထိ လေယာဉ်စီးလို့ရပါတယ်။ ကိုယ်ဝန်သက် ၃၇ပတ်ကျော်သွားရင်တော့ အချိန်မရွေး ဗိုက်နာလာနိုင်တဲ့အတွက် လေယာဉ်စီးဖို့ အဆင်မပြေတော့ပါဘူး။ အမြွာကိုယ်ဝန်ဆောင်တွေကတော့ ကိုယ်ဝန်သက် ၃၂ပတ်အထိပဲ လေယာဉ်စီးလို့ရပါတယ်။ လေယာဉ်စီးတဲ့အခါမှာလည်း ပုံမှန်လူတွေလို ခါးပတ်ပတ်ရမှာ ဖြစ်ပါတယ်။ မပါမဖြစ် ယူဆောင်ရမှာတွေကတော့ ကိုယ်ဝန်ဆောင်မှတ်တမ်း ၊ သောက်လက်စဆေးဝါးများ ၊ ဆေးထောက်ခံစာနဲ့ travel insurance document တွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းသွားပြီဆိုရင် မိမိမှာကိုယ်ဝန်ရှိကြောင်း လေကြောင်းလိုင်းကို အသိပေးဖို့လိုပါတယ်။ ဒါမှသာ လေယာဉ်မယ်က စောင့်ရှောက်ပေးနိုင်မှာ ဖြစ်ပါတယ်။
HYA (kyarlay)