
ကျစ်လျစ်သွယ်လျတဲ့ ဝမ်းဗိုက်ကြွက်သားကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ အဆီပိုတွေထွက်နေတဲ့ ဗိုက်ခေါက်ဟာ ကြည့်ရဆိုးတဲ့အပြင် မိမိကိုယ်ကို ယုံကြည်မှုလည်း လျော့နည်းစေပါတယ်။ အထူးသဖြင့် မီးဖွားပြီးခါစ အမျိုးသမီးတွေမှာဆို ပိုဆိုးပါတယ်။ ဒါပေမယ့် ဝမ်းဗိုက်ကြွက်သား ပြန်လည်လှပလာဖို့ဆိုတာ အရမ်းကြီးတော့ မခက်ခဲပါဘူး။

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး အစားအသောက်ဆင်ခြင်လိုက်မယ်ဆိုရင် သင့်ထံကို လှပပျိုမြစ်ခြင်းတွေ တဖန်ပြန်လည်ရောက်ရှိလာမှာပါ။ ဒီဆောင်းပါးမှာတော့ ကျစ်လျစ်သွယ်လျတဲ့ ဝမ်းဗိုက်ကြွက်သားပိုင်ဆိုင်နိုင်ဖို့ အမျိုးသမီးတွေ လုံးဝ မစားသင့်တဲ့ အစားအစာများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လုံးဝမစားသင့်ဆုံးကတော့ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေပါပဲ။ ခေါက်ဆွဲခြောက်ထုပ်တွေမှာ ဆိုဒီယမ်ပမာဏ အများအပြား ပါဝင်နေပါတယ်။ ဆိုဒီယမ်ဓာတ်ပမာဏများများ စားသုံးမိရင် အဝလွန်ခြင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူနိုင်ပြီး ဈေးနှုန်းလည်း သင့်တင့်ကာ အလွယ်တကူ ပြုလုပ်စားသုံးလို့ရနေတာကြောင့် ကျန်းမာရေးအတွက် မကောင်းပေမယ့်လည်း စားသုံးမှုရာခိုင်နှုန်းကတော့ လျော့ကျသွားခြင်း မရှိပါဘူး။

နောက်ထပ်တစ်ခုကတော့ အာလူးကြော်ပါ။ အာလူးကြော်မှာ ဆိုဒီယမ်နည်းပေမယ့်လည်း ဆီနဲ့ကြော်ထားခြင်းကြောင့် အဆီဓာတ်များပြားလွန်းကာ ကယ်လိုရီပမာဏလည်း များလွန်းပါတယ်။ ဗိုက်ချပ်သွယ်လျချင်ရင်တော့ အာလူးကြော်နဲ့ အဝေးဆုံးအရပ်မှာနေတာ အကောင်းဆုံးပါပဲ။ ရေခဲသေတ္တာထဲမှာ အချိန်အတော်ကြာ သိုလှောင်ထိန်းသိမ်းထားတဲ့ အသားဟာလည်း သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစား လှပနေမှုကို ဒုက္ခပေးနိုင်ပါတယ်။

နောက်ဆုံး ရှောင်ကြဉ်ရမယ့်အစားအစာကတော့ ပေါင်မုန့်အလွတ်ပါ။ ပေါင်မုန့်အလွတ်စားသုံးခြင်းဟာ သင့်ရဲ့ ကိုယ်အလေးချိန်ကို အချိန်တိုအတွင်း မြင့်မားစေမှာ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်း ကျစ်လျစ်သွယ်လျတဲ့ ဝမ်းဗိုက်ကြွက်သားလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
HYA (kyarlay)