
အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာလာတဲ့ ရာသီစက်ဝန်းဟာ အပျိုဖော်ဝင်ချိန်ကနေစတင်ပြီး ဘဝတစ်လျှောက်လုံးမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။ သူမပထမဆုံး ဓမ္မတာလာချိန်ကစလို့ နောက်ဆုံးသွေးဆုံးတဲ့ အချိန်အထိ ဒီရာသီစက်ဝန်း ဖြစ်ပေါ်ချိန်တိုင်းမှာ စိတ်နဲ့ခန္ဓာ နှစ်ပါးစလုံးကို ပြောင်းလဲစေပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ လစဉ်ဓမ္မတာလာတဲ့ရက် ပုံမှန်အတိုင်းဖြစ်နေဖို့ အရေးကြီးပါတယ်။

ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာ ၂၈ရက်မှာတစ်ကြိမ် ဓမ္မတာပေါ်တတ်ကြပေမယ့်လည်း အနည်းငယ်စောပါက ၂၁ရက် ၊ နောက်ကျပါက ၃၅ရက် အတွင်းမှာ ပေါ်လေ့ရှိကြတာကို တွေ့ရပါတယ်။ အမျိုးသမီးများ ဓမ္မတာရက်မမှန်ခြင်းဟာ စိုးရိမ်စရာအချက်တစ်ခုဖြစ်ပြီး ဘာ့ကြောင့်ဒီလိုဖြစ်နေရသလဲဆိုတာ တိတိကျကျ သိရှိထားဖို့ လိုပါတယ်။ အဓိကအချက်လို့ ပြောရမှာကတော့ အမျိုးသမီးများရဲ့ သိုက်ရွိုက်ဟော်မုန်း မညီမမျှ ဖြစ်ခြင်းကြောင့်ပါပဲ။ ဓမ္မတာလာခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ သိုက်ရွိုက်ဟော်မုန်း ပမဏ လျော့နည်းနေတာပဲဖြစ်ဖြစ် ၊ များပြားနေတာပဲဖြစ်ဖြစ် ဓမ္မတာရက်မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးလိပ်ပုံမှန်သောက်သုံးလေ့ရှိတဲ့ အမျိုးသမီးတွေမှာလည်း ဓမ္မတာရက်မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်သုံးခြင်းရဲ့ ဆိုးကျိုးတွေထဲမှာ ဒီအချက်ကိုလည်း တစ်ခုအပါအဝင် ထည့်သွင်းရမှာပါ။ အမျိုးသမီးများ ဓမ္မတာလာတဲ့ရက်ပုံမှန်ဖြစ်ဖို့အတွက် နေ့စဉ် အာဟာရပြည့်ဝမျှတစွာ စားသုံးပေးဖို့ လိုပါတယ်။ အာဟာရဓာတ် လုံလောက်စွာမရရှိတဲ့ အမျိုးသမီးတွေဟာလည်း ဓမ္မတာရက်မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။

ဂျပန်နိုင်ငံက လေ့လာဆန်းစစ်မှုတစ်ခုအရ စိတ်ဖိစီးမှုတွေဟာ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ စိတ်ဖိစီးမှုကြာမြင့်စွာ ခံစားနေရတဲ့အခါ မျိုးပွားမှုကို အဓိကထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းကို ထိခိုက်လာတာကြောင့် အမျိုးသမီးတွေမှာ ဓမ္မတာရက်မမှန်တာမျိုး ကြုံတွေ့ရတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ရာသီလာတဲ့ရက် ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။

နောက်ပြီး တစ်နေကုန်အလုပ်ပင်ပန်းစွာ လုပ်ကိုင်နေရတဲ့ အမျိုးသမီးများ ၊ အဝလွန်နေတဲ့ အမျိုးသမီးများ ၊ နေ့စဉ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေပြုလုပ်နေရတဲ့ အမျိုးသမီးတွေမှာလည်း ဓမ္မတာရက် မမှန်တာမျိုး တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။ အခြားသော အချက်အလက်တွေကြောင့်လည်း ဓမ္မတာရက်မမှန်တာမျိုးဖြစ်နိုင်ပြီး ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာကတော့ အကောင်းဆုံးပါပဲ။
HYA ( kyarlay )