
နို့အုံသိပ်တင်းလာတဲ့အခါကျရင် အထိမခံနိုင်ဘဲ နာလာမယ်။ နို့တင်းတဲ့အခါမှာ တစ်ခါတလေ အဖျားဝင်တတ်ပါတယ်။ ကလေးကလည်း သိပ်တင်းနေတဲ့ နို့ကို စုပ်တဲ့အခါမှာ စုပ်လို့မနိုင်ဘူးဖြစ်တတ်ပါတယ်။ နို့အုံက တင်းလာတော့ ကလေးက စုပ်လို့မရတော့ဘူး။ အဲဒါကြောင့် ကလေးစို့လို့ရအောင် နို့ကို ပျော့သွားအောင် အရင်ညှစ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို နို့တင်းတာကို Breast Engorgement လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ နို့ကြောင်းလေး ပွင့်သွားဖို့ လိုတယ်။ နို့အုံကို ခပ်နေွးနေွးရှိတဲ့ ရေနေွးအဝတ်ဖတ်လေးနဲ့ ကပ်ပေးဖို့ လိုအပ်တယ်။ (ရေနေွးပုလင်းနဲ့ နို့အုံပေါ် မလှိမ့်သင့်ပါ။ လှိမ့်ရင် ပြည်တည်နာ ဖြစ်တတ်ပါတယ်။ ရေနေွးပုလင်းနဲ့ မလှိမ့်မိရန် သတိထားဖို့ လိုပါတယ်။)
ရေနေွးဖတ်လေး ကပ်ထားပြီးတဲ့အခါ နို့ကို ညှစ်ပေးရပါမယ်။ နို့အုံအမည်းကွင်းအောက်မှာ နို့ရည်အိတ်လေးတေွ ရှိတဲ့အတွက်ကြောင့် နို့အုံကို ညှစ်တဲ့အခါမှာ နို့အုံရဲ့ အမည်းကွင်းနေရာ လက်မကို အမည်းကွင်း အထက်မှာထားပြီး လက်ညိှုးနဲ့ ကျန်လက်ချောင်းများကို အမည်းကွင်းအောက် လက်မနဲ့ တစ်ဖက်စီထားပြီး ညှစ်ထုတ်ပေးပါ။ ညှစ်ထုတ်ပြီး ပျော့သွားတဲ့အခါ ကလေးကို ထပ်စို့ခိုင်းလို့ ရပါတယ်။ ဒီလိုဖြစ်တာကတော့ အထူးသဖြင့် ကလေးမေွးပြီး တတိယမြောက်နေ့မှာ နို့တင်းတာ ဖြစ်လေ့ရှိပါတယ်။ ပထမတစ်ရက်၊ နှစ်ရက်လောက်မှာ မဖြစ်ဘူး။ တတိယမြောက်နေ့လောက်ကျရင်တော့ နို့အုံကြီးတင်းလာမယ်။ အဲဒီလို နို့တင်းလာတဲ့အခါ နို့ကို ညှစ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို ညှစ်ထုတ်လိုက်လို့ လမ်းကြောင်းပွင့်သွားရင် နို့တေွက သူ့အလိုလို ပန်းထွက်လာပြီးတော့ နို့က ပြန်ပျော့သွားတတ်ပါတယ်။