မိသားစုတစ်ခု ထူထောင်တယ်ဆိုရာမှာ ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မိသားစုလေးဖြစ်စေဖို့ မိသားစုဝင်အချင်းချင်းကြားမှာ လိုအပ်တဲ့ ဆက်ဆံရေးတွေထဲမှာ အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ရာကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းက မိခင်တစ်ယောက်ဖြစ်လာတော့မှာမို့ ကလေးအတွက် အပြည့်အဝကာကွယ်ပေးချင်တဲ့ မိခင်စိတ်ရှိနေတဲ့အပြင် တစ်ဖက်မှာလည်း ခင်ပွန်းသည်ကိုလည်း အထီးမကျန်ပျော်ရွှင်ရအောင် လိုလေသေးမရှိ ဖြည့်စွက်ပေးချင်တာ ဇနီးသည်တိုင်းရဲ့ စိတ်ဆန္ဒပါ။ ကိုယ်ဝန်ရှိနေစဉ် ရှောင်လွှဲဖို့ခက်တဲ့ အိမ်ထောင်ရေးကိစ္စရပ်တွေထဲမှာ ခင်ပွန်းသည်နဲ့ အတူနေခြင်း ကိစ္စလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါကလည်း ကိုယ်ဝန်ဆောင်မိခင်တွေ မဖြစ်မနေ သိထားသင့်တဲ့ ဗဟုသုတလေးတစ်ခု ဖြစ်ပါတယ်။
ကိုယ်ဝန်ဘယ်နှစ်လအထိ အတူနေမလဲ
ကိုယ်ဝန်ရှိနေချိန်မှာ အတူနေခြင်းဟာ ဆိုးကျိုးတွေရှိတယ်လို့ အထောက်အထားတွေ မရှိဘူးလို့ ပြောနေကြပေမယ့်လည်း သားအိမ်မှာ သန္ဓေသား စတင်တွယ်တဲ့အချိန်ကစပြီး အချင်းအပြည့်အစုံ ဖြစ်ပေါ်လာတဲ့အချိန်ဖြစ်တဲ့ ကိုယ်ဝန် ပထမသုံးလမှာတော့ အတူနေခြင်းကို ရှောင်သင့်ပါတယ်။ မရှောင်နိုင်ရင်တော့ ကွန်ဒုံးခေါ် အစွပ်ကို သုံးပြီးနေသင့်ပါတယ်။ မွေးခါနီးနောက်ဆုံးတစ်လမှာလည်း လမစေ့ဘဲ မွေးဖွားခြင်း၊ ပိုးဝင်ခြင်းတွေကို ရှောင်ရှားနိုင်စေဖို့ အတူမနေသင့်ပါဘူး။ မရှောင်နိုင်ရင်တော့ ပိုးမဝင်အောင် ကွန်ဒုံးသုံးသင့်ပါတယ်။
ဒီလိုအခြေအနေတွေရှိနေရင်တော့ အတူမနေသင့်
အချင်းက သားအိမ်ရဲ့အောက်ဘက်၊ သားအိမ်အဝင်ဝနားမှာ ကပ်လျက်ရှိနေတဲ့အခါမျိုးမှာ အိမ်ထောင်နဲ့ ဆက်ဆံတဲ့အခါမှာ အချင်းကို သွားထိမိရင် အချင်းကွာပြီး သွေးဆင်းတတ်ပါတယ်။ သွေးဆင်းများရင် မိခင်ရော၊ ကလေးပါ ထိခိုက်နိုင်ပြီး လမစေ့ဘဲ ကလေးခွဲမွေးထုတ်လိုက်ရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချင်းအောက်မှာခံနေရင် အိမ်ထောင်နဲ့ မဆက်ဆံသင့်ပါဘူး။ အချင်းအောက်မှာ ခံ၊ မခံဆိုတာကတော့ အာထရာဆောင်းရိုက်ကြည့်ရင် သိနိုင်ပါတယ်။ အချင်းအောက်မှာ ခံမနေဘူးဆိုရင်တော့ အန္တရာယ်မရှိနိုင်ပါဘူး။