ကာကွယ်ဆေးထိုးတယ်ဆိုတာက ကလေးတေွရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုပါပဲ။ ရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် ကာကွယ်ဆေးတေွ ပေါ်လာရ ကာကွယ်ဆေးတေွထိုးကြရ ဆိုပေမယ့် ကိုယ့့်အသားကို အပ်နဲ့ထိုးတာလောက် နာကျင်တဲ့အရာ ဘယ်အရာမှ မရှိပါဘူး။ လူကြီးတေွတောင်မှ ဆေးထိုးရမှာကို ကြောက်နေတာ၊ နာလိုက်တာလို့ မပြော တတ်သေးတဲ့ ကလေးတေွမှာဆို ပိုဆိုးတာပေါ့။ ကာကွယ်ဆေးလည်း ထိုးပြီးရော နာတော့ ငို၊ ဂျီကျ ဘာကိုမှ အလိုမကျဖြစ်ပြီးတော့ ထိန်းရခက်တော့ မေမေတို့လည်း အလုပ် စရှုပ်တော့တာပါပဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကာကွယ်ဆေးထိုးပြီးတဲ့နောက်ပိုင်း ကလေးကို ဘယ်လိုသက်သာအောင် ပြုစုရမလဲဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
၁။ ရေခဲကပ်ပါ
-----------------
ကာကွယ်ဆေးထိုးပြီးရင် မချေရဘူးဆိုတာကတော့ မေမေတို့အားလုံး သိပြီးသား ဖြစ်မှာပါ။ အသားကို အပ်နဲ့ထိုးလိုက်တာဆိုတော့ အသားနာမယ့်အပြင် ထိုးလိုက်တဲ့နေရာမှာ ရောင်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလို ကာကွယ်ဆေးထိုးပြီးပြီးချင်း ရောင်ရမ်းနာကျင်မှုကို သက်သာစေချင်တယ်ဆိုရင်တော့ ရေခဲနဲ့ ကပ်ပေးလို့ ရပါတယ်။ နာတဲ့့နေရာကို ရေခဲတုံး ချက်ချင်းကပ်လိုက်ရင် ရုတ်တရက် သေွးကြောတေွ ကျုံ့သွားတာကြောင့် ပိုနာသွားတတ်တာရော ၊အေးတဲ့အထိအတေွ့ကြောင့်ရော ကလေးက ပိုငိုတတ်တဲ့အတွက် အရင်ဆုံး ကိုယ့်လက်နဲ့ ရေခဲကိုပွတ်ပြီးတော့ အေးတဲ့ လက်နဲ့ ကလေးနာနေတဲ့နေရာကို ပုတ်ပုတ်ပေးပါ။ ကလေးက အအေးကို ယဉ်သွားပြီဆိုမှ ရေခဲတုံးကို အဝတ်စနဲ့ပတ်ပြီးတော့ ဆေးထိုးထားတဲ့ နေရာမှာ ကပ်ပေးပါ။ ရေခဲတုံးက ရောင်ရမ်းတာကိုရော နာကျင်တဲ့ဝေဒနာကိုပါ ကောင်းကောင်း သက်သာစေမှာပါ။ တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ်လောက် ကပ်ပေးလို့ရပါ တယ်။ ဒါအပြင် ကာကွယ်ဆေးထိုးပြီးလည်း ကလေးက ဖျားတတ်ပါတယ်။ ကလေးက ဖျားလို့ အရမ်းကြီးလန့်မသွားပါနဲ့။ ကာကွယ်ဆေးထိုးပြီးပြီးချင်း ကလေး ကိုယ်ပူတတ်တာက ပုံမှန်ဖြစ်ပြီး ၂ ရက် ၃ ရက်လောက်ဆို ပြန်ပျောက်သွားမှာပါ။ ဖျားနေတဲ့ အချိန်တွင်းမှာတော့ အဖျား ကျအောင် ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ကလေးကို ဆေးတေွ တိုက်ပေးလို့ရပါတယ်။ ကာကွယ်ဆေးထိုးပြီးတိုင်း ဖျားတယ်ဆိုတော့ မဖျားရင် ကာကွယ်ဆေးအာနိ သင်မရှိလို့လား ဆိုပြီးတော့ မေးစရာရှိပါတယ်။
မဟုတ်ပါဘူး။ တကယ်တော့ ဆေးထိုးပြီးပြီဆိုတာနဲ့ ဆေးအာနိသင်က ကလေးကိုယ်တွင်းမှာ ရှိကို ရှိပါတယ်။ ပါရာစီတမော အစက်ချဆေးရည်လေး ပြောင်းတိုက်လိုက်ပါ။ တကယ်လို့ ဆေးထိုးထားတဲ့ နေရာက အရမ်းရောင်နေပြီးတော့ ကလေးက လုံးဝကို အထိမခံ တစ်ချိန်လုံးလည်း ငိုနေတယ်ဆိုရင်တော့ ကလေးတေွအတွက် ထုတ်ထားတဲ့ အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေးတေွကို ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ တိုက်ပေးလို့ရပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ကိုယ့်သဘောနဲ့ကိုယ် ဝယ်မတိုက်ဘဲ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ တိုက်ဖို့ပါ။ ပြီးတော့ ပိုပြီးတော့ ကလေးကို ကြင်နာပါ။ ကလေးတိုင်းကတော့ မိဘတေွရဲ့ ကြင်နာယုယမှု ဂရုစိုက်ခံရမှုကို လိုချင်တဲ့သူ တေွချည်းပါပဲ ။ ဒီလို ကာကွယ်ဆေး ထိုးပြီးလို့ နာကျင်နေတဲ့ အချိန်ဆို ပိုဆိုးတာပေါ့။ ဒါကြောင့် အရင်ကထက် ကလေးကို ပိုပြီးတော့ အချိန်ပေးပါ။ ပြီးတော့ အရင်ကထက် ကလေးကို နေွးနေွးထေွးထေွး ဆက်ဆံပေးပါ။
၂။ နို့များများ တိုက်ပါ
------------------------
ကာကွယ်ဆေးထိုးပြီးတော့ နာနေတဲ့ အရှိန်ကြောင့် ကလေးရဲ့ စားချင်သောက်ချင် စိတ်တေွလည်း ပျောက်ဆုံးနေပါလိမ့်မယ်။ ဒါအပြင် ကိုယ်ပူနေတဲ့ အရှိန်ကြောင့်လည်း ရေဓာတ်ခမ်းခြောက်တာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် ကာကွယ်ဆေးထိုးပြီး နောက် ပိုင်း ကလေးကို နို့များများတိုက်ဖို့အတွက် အရေးကြီးပါတယ်။ ကလေးက ဂျီကျနေသည့်တိုင် နို့ကို ဆက်တိုက်ပါ။
၃။ ကလေးကို အတင်းလမ်းမလေှျာက်ခိုင်းပါနဲ့
--------------------------------------------------
လက်မောင်းမှာ ထိုးကို ထိုးရတဲ့ တီဘီကာကွယ်ဆေးကလွဲလို့ လက်မောင်းအစား အခြား ပေါင်မှာထိုးပေးလို့ရတဲ့ ကာကွယ်ဆေးတေွလည်း ရှိပါတယ်။ လက်မောင်းမှာလိုပဲ ထိုးထားတဲ့ ပေါင်နေရာမှာလည်း နာနေတတ်တာကြောင့် ကလေးက လမ်းလေှျာက်ဖို့အတွက် ငြင်းဆန်နေပါလိမ့်မယ်။ ဒါကို အတင်းကြီး လမ်းလေှျာက်ခိုင်းတဲ့အခါ ကလေးရဲ့ခြေထောက်ကို ထိခိိုက် သွားစေတာကြောင့် ကလေးရဲ့အခြေအနေကို အရင်ဆုံး အကဲခတ်တတ်ဖို့တော့ လိုပါလိမ့်မယ်။ ပြီးတော့ ကာကွယ်ဆေး တစ်ခါထိုးတာ ကလေးကိုနာကျင်စေတယ် ၊ ထိခိုက်စေတယ်ဆိုပြီး ကာကွယ်ဆေး မထိုးဘဲလည်း မနေပါနဲ့။ တစ်ချို့တေွလည်း ရှိပါတယ်။ ကာကွယ်ဆေးမထိုးခင်က အကောင်း ထိုးပြီးမှ ကလေးက ဂျီကျတယ်၊ အီတယ်၊ ကိုယ်ပူတယ်၊ လက်တေွလည်း ရောင်ကိုင်းနေတာပဲ ဆိုပြီး နောက်ဆို ဘာကာကွယ်ဆေးမှ မထိုးတော့ဘူးဆိုတဲ့ မေမေတစ်ချို့လည်း ရှိပါတယ်။ ဒါကြောင့် မေမေတို့တေွ စဉ်းစားရမှာက ခဏတာ နာကျင်တဲ့ ကာကွယ်ဆေးကို ပစ်ပြီးတော့ ကလေးကို အကြီးကြီး ဒုက္ခပေးနိုင်တဲ့ ရောဂါတေွကို ရေွးမလားဆိုတာပါပဲ။ အားလုံးပဲ အဆင်ပြေကျန်းမာကြပါစေ။
#Ref( ဒေါက်တာ အောင်ဝင်း - ကလေးနဲ့ ကာကွယ်ဆေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)