
Week 2 ဆိုတော့ ပြောမယ်ဆိုရင် ရာသီစပေါ်တဲ့ရက်ကနေ ၁၄ရက်မြောက်နေ့လောက်မှာ သားဥကြွေပါတယ်။ အဲ့ဒီ့သားဥလေးကလည်း မွေးကတည်းက ပါလာတဲ့ မျိုးစေ့ဥလေးတွေကနေပြီးတော့ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာပြီး ရေအိတ်လေး ဖြစ်လာတာပါ။ အဲ့တော့ ရာသီစက်ဝိုင်းတစ်ခုမှာ စပြီးတော့ ရာသီစပေါ်တဲ့ ရက်ကနေ စလိုက်ပြီ ဆိုတာနဲ့ သဲစေ့မှုန်လောက်ကနေ တဖြည်းဖြည်း ဖွံ့ဖြိုးလာတာ (၂.၅စင်တီမီတာ) ၁လက်မလောက် အရွယ်ရောက်လာပါတယ်။ အဲ့ဒီ့အချိန်အခါမှာ သားဥလေးက ပေါက်ထွက်သွားပါတယ်။ အဲ့ဒီ့ပေါက်ထွက်သွားတဲ့ သားဥလေးက အဲ့ဒီ့အချိန်မှာများ ၂၄နာရီအတွင်း လိင်ဆက်ဆံခြင်းကြောင့် သုက်ပိုးလေးနဲ့ တွေ့ရမယ်ဆိုရင် သန်းပေါင်းများစွာသော သုက်ပိုးလေးတွေက မိန်းမကိုယ်ထဲကနေပြီးတော့ လျှင်မြန်စွာ တက်လာပါတယ်။ အဲ့လိုတက်လာပြီး ဥပြွန်လမ်းကြောင်းထဲကို ရောက်လာပါတယ်။ အဲ့ဒီ့အချိန် သားဥကြွေလိုက်တဲ့အခါမှာ သားဥပြွန်ရဲ့ ထိပ်မှာရှိတဲ့ လက်ချောင်းလေးသဏ္ဍာန် ဥပြွန်ထိပ်လေးက အဲ့ဒီ့သားဥ သေးသေး မှုန်မှုန်မွှားမွှားကို ဗိုက်ထဲကို ပြုတ်မကျသွားအောင် အမိအရ ဖမ်းနိုင်ပါတယ်။ မြင်ဖူးနေကျကတော့ ပိုးလောက်လန်းလေးတွေပေါ့။ အဲ့လိုပိုးလောက်လန်းလေး တက်လာပါတယ်။ တက်လာပြီး သားဥကို ပိုးလောက်လန်းလေးတွေက ဝိုင်းတွယ်ကြပါတယ်။ အဲ့ဒီ့ဝိုင်းတွယ်တဲ့ထဲကမှ လူစွမ်းကောင်း သုက်ပိုးလေးတစ်ကောင်ကပဲ ဒီသားဥလေးကို ထိုးဖောက်ပြီး ဝင်ရောက်နိုင်ပြီးတော့ သားဥထဲမှာပါတဲ့ အမေဘက်ကဗီဇနဲ့ သုက်ပိုးထဲမှာပါတဲ့ အဖေဘက်ကဗီဇနဲ့ ပေါင်းစပ်ပြီးတော့ သားလောင်းလေး ဖြစ်လာပါတယ်။ အဲ့သားလောင်းလေးက ဆဲလ်တစ်ခုတည်းပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ဆဲလ်လေးတစ်ခုကနေ ကလေးလေးဖြစ်ဖို့ ဆဲလ်တွေပွားရပါတယ်။ အဲ့တော့ ပထမမှာ ဆဲလ်တစ်လုံးကနေ ၂လုံး ၊ ၂လုံးကနေ ၄လုံး ၊ ၄လုံးကနေ ၈လုံး ၊ ၈လုံးကနေ ၁၆လုံး ၊ ၃၂လုံး ၊ ၆၄လုံး စသဖြင့် စပွားလာရာ နောက်ဆုံး Morula လို့ခေါ်တဲ့ ဆဲလ်ဘောလုံးကြီး ဖြစ်လာပါတယ်။ ဆဲလ်တွေရဲ့ အရည်တွေကတစ်ဖက် ၊ ဆဲလ်တွေကတစ်ဖက်နဲ့ ရေအိတ်လိုဖြစ်သွားပါတယ်။ အဲ့ဒီ့ရေအိတ်ကို Blastocyst လို့ခေါ်ပါတယ်။ Blastocyst အဆင့်ကို ရောက်တဲ့အခါမှာ ခုနက ဥပြွန်လမ်းကြောင်းထိပ်မှာ ပေါင်းစပ်ကြတဲ့ သားလောင်းလေးဟာ သားအိမ်ထဲကို ပြန်ဝင်ဖို့အတွက် နာရီပေါင်း ၁၂၀ (၅ရက်) အချိန်ယူရပါတယ်။ အဲ့လိုသားအိမ်နံရံအမှေးပါးကို တွယ်ပြီဆိုမှ ကိုယ်ဝန်ရပြီလို့ သတ်မှတ်ပါတယ်။