ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးသည်ရဲ့ အလိုအပ်ဆုံးအရာဟာ ဘာလို့ထင်မလဲ။ တကယ်တော့ ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးသည်ရဲ့အလိုအပ်ဆုံးအရာကတော့ ခင်ပွန်းသည်ရဲ့ အလိုက်တသိ ဖြည့်ဆည်းပေးမှု ၊ နားလည်ပေးမှု ၊ ဖေးမကူညီမှုတေွပါပဲ။ ဗိုက်ထဲမှာ ကလေးလေး ဖွံ့ဖြိုးတိုးတက်နေတာနဲ့ အမှျ မိခင်လောင်းရဲ့ ကိုယ်တွင်းက ဟော်မုန်းတေွကလည်း အချိန်နဲ့အမှျ ပြောင်းလဲနေပါတယ်။ ဒီဟော်မုန်း အပြောင်းအလဲကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတေွဟာ စိတ်မကြည်မသာ ဖြစ်နိုင်တယ်။ ယခင်ကနဲ့မတူဘဲ စိတ်ဆတ် ၊ စိတ်တေွအရမ်းတိုနေနိုင်တယ်။ ဒါတေွကို နှစ်ဦးစလုံးက နားမလည်တဲ့အခါ အဲဒီကနေ အိမ်ထောင်ရေးပဋိပက္ခအထိ ကောင်းကောင်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ စိတ်အခန့်မသင့်မှုတေွကို အပြစ်ယူပြီးတော့ တန်ပြန် ပြောဆို တိုက်ခိုက်မယ်ဆိုရင်ဖြင့် ခင်ပွန်းကောင်း ဘယ်ဟုတ်တော့မလဲ ဟုတ်တယ် မှတ်လား။ မိမိရဲ့ ကိုယ်ဝန်ဆောင်သည် ဇနီးဟာ ယခင်နဲ့မတူဘဲ အပြစ်တေွချည်းပဲ ရှာနေမယ်။ တေွ့တာနဲ့ရန်ဖြစ်ဖို့ စကားပဲပြောနေမယ်ဆိုရင်ဖြင့် အလုပ်ကနေ ပင်ပင်ပန်းပန်းပြန်လာတဲ့ ၊ ခရီးကနေ ပင်ပင်ပန်းပန်းပြန်လာတဲ့ ခင်ပွန်းသည်အတွက်တော့ စိတ်မသက်သာစရာပါပဲ။ ဒါပေမယ့် တန်ပြန်ပြောဆို စကားများလို့ ဇနီးမောင်နှံနှစ်ဦးက ရန်ဖြစ်ဖို့ တာမဆူခင် ခဏလေးအတွင်း မိမိရဲ့ဇနီးဟာ မိမိရင်သေွးကို လွယ်ထားပါလားလို့ တစ်ချက်လောက် ပြန်သတိရပေးပါ။
သူမရဲ့ ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှုကို ကိုယ့်ကိုယ်တိုင်က ဝင်ခံစားနားလည်ပေးလို့တော့ မရဘူးလေ။ တစ်နေ့တစ်ခြား အလေးချိန်တေွတိုးပြီးတော့ မသိမသာ ကနေ သိသိသာသာ ကြီးလာတဲ့ ဒီဗိုက်ကြီးနဲ့ နေထိုင် ၊ အိပ်စက် ၊ သွားလာနေရတဲ့ ဇနီးသည်ရဲ့ ဒုက္ခကိုလည်း ခင်ပွန်းသည်က ဝင်ခံစားနားလည်ပေးလို့ မရဘူးလေ။ ဒီတော့ အားတဲ့ရက်မှာ ခေါင်းအုန်းတစ်လုံးကို မိမိအကျႌအောက် တစ်နေကုန်ထည့်ပြီးတော့ နေထိုင်သွားလာကြည့်ပါ။ ကိုယ်တွင်းအပူချိန်နဲ့ ရာသီဥတုအပူချိန် ပေါင်းလိုက်တဲ့အခါ အဲဒီ အလေးချိန်မရှိတဲ့ ခေါင်းအုန်းကိုတောင် တစ်နေကုန်ပတ် ၊ တစ်ညတာ အိပ်စက်မှုလည်း မပြုနိုင်ဘူးလေ မဟုတ်လား။ ကိုယ်ဝန်ဆောင်သည်ဇနီးကတော့ ဒီဗိုက်ကြီး မနိုင်ရင်ကယ်နဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလ တစ်လျောက်မှာ အိမ်ရဲ့စီးပွားရေးလည်း လုပ်ရမယ် ၊ အိမ်အလုပ်လည်း လုပ်ရမယ် ၊ အိမ်သန့်ရှင်းရေး ၊ စားသောက်ရေး စသဖြင့်ကိုလည်း အရင်လို လုပ်ရမယ်ဆိုရင်ဖြင့်တော့ ဘယ်လောက်ထိ ဒုက္ခကြီးလိုက်မလဲ။ အထက်ပါ အလုပ်တေွကို ယခင်ကလို မလုပ်နိုင်တော့တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ကို သင်အနေနဲ့ နားလည်မှု မပေးသင့်ဘူးလား။
ကိုယ်ဝန်ဆောင်သည်ဇနီးက ယခင်ကလို ကိုယ့်ဘေးနားမှာ တီတီတာတာ မလုပ်နိုင်တော့ဘူးလေ။ သူ့မှာလည်း သူ့ဒုက္ခနဲ့သူ မပေါ့မပါးကြီး မဟုတ်ပါလား။ ဒါကို ယခင်ကလို အိမ်ထောင်ရေး သာယာမှုမရှိလို့ အပြင်မှာသာယာမှုထွက်ရှာတယ်ဆိုတာကော ဖြစ်သင့်ရဲ့လား။ သူမကိုယ်တိုင် မြင်နိုင် ၊ သိနိုင် ၊ နားလည်နိုင်ခြင်းမရှိတဲ့ ကိုယ်တွင်းက ဟော်မုန်းပြောင်းလဲမှုတေွကြောင့်လည်း ပုံမှန်ထက် သူမဟာ စိတ်အနေှာင့်အယှက်တေွှဖစ်မယ်။ စိတ်တိုတောင်း နေနိုင်တယ်။ စိတ်မသက်မသာ ရှိနိုင်တယ်။ ဒါကို ကိုယ်က သူမစိတ်အပြောင်းအလဲတေွ ဖြစ်ပြီးတော့ စိတ်ရွှင်လာအောင် ဟာသတေွ ပြောပေး ၊ အနားမှာ အဖော်လုပ်ပေး ဖြစ်ရမယ့်အစား ငြူစူဒေါသထွက်မယ် ၊ ပြန်ရန်လိုမယ်ဆိုတာကကော ဖြစ်သင့်ပါသလား။ တကယ်ဆို သူမဟာ ရုပ်ပိုင်းဆိုင်ရာတေွမှာသာ ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာမှာပါ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပြောင်းလဲမှုတေွကို ကိုယ်တိုင် ခံစားနေရသူပါ။ ဒီတော့ သူမကို နားလည်ပေးဖို့လိုတယ်။ ဖေးမပေးဖို့လည်း လိုပါတယ်။ သူမဟာ ယခင်ကလို လှတပတပုံစံလေး မဟုတ်တော့ဘဲ မီးပုံပျံတစ်လုံးလို ဗိုက်ပူနံကား ပုံပျက် ၊ ပန်းပျက် ဖြစ်နေနိုင်ပေမယ့် သူမဟာ မိမိရင်သေွးလွယ်ထားလို့ ဒီပုံစံ ဖြစ်သွားတာပါ။ ဒါကို သင်အနေနဲ့ နားလည်မှုပေးရမယ်။ အလှကြိုက်တဲ့ အိမ်သူသက်ထားအတွက် သူမကိုယ်တိုင် ဒီသွင်ပြင်ကြောင့် စိတ်အနေှာင့်အယှက်ဖြစ်နေရင်တော့ စိတ်ပြေပျောက်လာအောင် သင်အနေနဲ့ ဖြောင်းဖြပြောဆိုရမယ်။
ကိုယ်ဝန်မရှိခင်က ကိုယ်အလေးချိန်လို မဟုတ်ဘဲ ဝိတ်တက်လာတဲ့သူမ ကျန်းမာတဲ့အစားအစာတေွ စားဖြစ်အောင်လည်း ကိုယ်တိုင် အဖော်လုပ်ပြီးတော့ သေချာ ကျေွးရမယ်။ မိခင်လောင်းကျန်းမာမှသာ ဗိုက်ထဲက ကလေးလည်း ကျန်းမာလာမှာပါ။ အိမ်အကူမရှိတဲ့ ဇနီးမောင်နှံတေွအတွက် ကိုယ်အားတဲ့အချိန်မှာ သူမလုပ်ရမယ့် အိမ်မှုကိစ္စတေွ ၊ ချက်ပြုတ်ဆေးကြောရေးတာဝန်တေွကို တပိုင်တနိုင် လုပ်ပေးသင့်ပါတယ်။ ကိုယ်က ဆေးလိပ်သောက်တတ်တဲ့သူဖြစ်နေရင် ဇနီးသည် ကိုယ်ဝန်ဆောင်နေတယ်လို့ သိကတည်းက သူမ ရှိတဲ့နေရာမှာ ဆေးလိပ် မသောက်သင့်တော့ပါဘူး။ အဲဒီဆေးလိပ်ငေွ့ကို ရှူရှုိက်မိလိုက်ရင် ဇနီးသည်လွယ်ထားတဲ့ ဗိုက်ထဲက မိမိရင်သေွးကိုပါ သွားထိခိုက်စေပါတယ်။ မိမိသောက်လိုက်တဲ့ ဆေးလိပ်ငေွ့ကို ကိုယ်ဝန်ဆောင်ဇနီးသည် ရှူရှုိက်နေရာတာဟာ သူမကိုယ်တိုင် ဆေးလိပ်သောက်တာနဲ့ ထူးမခြားနားပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူမရှူလိုက်တဲ့ ဆေးလိပ်ငေွ့တေွဟာ သူမနှာခေါင်းက တစ်ဆင့် သူမရဲ့ကိုယ်တွင်းကို ရောက်ရှိသွားစေလို့ပါပဲ။ ကျွန်မကိုယ်တိုင် ကိုယ်ဝန်ဆောင်ဖူးတဲ့အတွက် ကိုယ်ဝန်ဆောင်သည်ရဲ့ ခံစားမှုကို နားလည်ပါတယ်။ ကျွန်မတို့ ကိုယ်ဝန်ဆောင်သည် ဇနီးတေွဟာလေ ကိုယ့်ဗိုက်ထဲက ကလေးလှုပ်ရှားလို့ ဗိုက်ကလေး ဟိုဖု ၊ ဒီဖုဖြစ်လာရင် ယောကျ်ားကို တစ်ခါတည်း ပြေးသတိရတာပဲ။ ယောကျ်ားကိုလည်း အဲလို ဟိုဖု ၊ ဒီဖု ခံစားမှုလေးကို မြင်စေချင်တယ်။ ဗိုက်ထဲက ကလေးကို ထိတေွ့စေချင်တယ်။ ဒီပီတိလေးကို အတူတူ မှျဝေချင်တယ်။ ဒါဟာ တစ်ခါတည်းတော့ မဟုတ်ဘူးနော်။ ကလေးလှုပ်လို့ ဟိုဖု ၊ ဒီဖု ဖြစ်လာတိုင်း ယောကျ်ားလက်ဆွဲပြီးတော့ ကိုယ့်ဗိုက်ပေါ်ကို ထိကပ် ခံစားစေချင်တာ။
ဒီလိုအချိန်မျိုးမှာ ကိုယ့်ယောကျ်ားက ကိုယ့်အနားမှာ မရှိဘူးဆိုရင် ၊ အနားရှိလည်း ဗိုက်ထဲက ကလေးကို စိတ်မဝင်စားဘူးဆိုရင် ၊ ကိုယ့်အိမ်မှာထားခဲ့ပြီး သူကျတော့ အပြင်မှာ ပျော်ပါးနေရင် ၊ သာယာမှုရှာနေရင် ၊ ဖောက်ပြားနေရင် ၊ မူးပြီးတော့ အိမ်ပြန်လာရင် ၊ အိမ်မှာရှိလည်း ကိုယ်နဲ့စကားများ ရန်ဖြစ်ဖို့ချည်း ရှိနေရင် ၊ ကိုယ့်ကို နားမလည်ရင် ကိုယ်ဝန်ဆောင်ဇနီးသည် အနေနဲ့ အရမ်းဝမ်းနည်းနေမိမှာပါ။ မေွးဖွားပြီးမှ လူ့သက်တမ်းစတယ်လို့ ထင်ရင်တော့ မှားမှာပေါ့။ သန္ဓေစဖြစ်တည်ပြီဆိုကတည်းက သူ့ရဲ့သက်တမ်းစတာပါပဲ။ သူ့သက်တမ်းစတဲ့အချိန်မှာ မိခင်လောင်းရဲ့ ခံစားမှု ၊ ပျော်ရွှင်မှုတေွဟာ မိခင်ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်စေတယ်ဆိုရင် ယုံမလား။ ယုံသင့်ပါတယ်။ မိခင်လောင်းတစ်ဦးရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုဟာ မိခင်တစ်ယောက်တည်းကိုသာ မဟုတ်ပါဘူး။ ဗိုက်ထဲက ကလေးနဲ့ ဒီကလေးရဲ့ ဖွံဖြိုးမှုမှာလည်း ကောင်းကောင်း သက်ရောက်စေပါတယ်။ ဒီတော့ မိခင်လောင်းတစ်ဦးရဲ့ ပျော်ရွှင်မှုဟာ သူမဘေးနားမှာ အနီးကပ်ဆုံးရှိနေသင့်တဲ့ ဖခင်လောင်းအပေါ်မှာတော့ အများကြီး မူတည်နေတယ်ဆိုရင်တော့ မှားနိုင်ပါမလားနော်။ အားလုံးပဲ ကိုယ်ဇနီးသည်ကို ချစ်ပြီးတော့ အမြဲတန်ဖိုးထားနိုင်ကြပါစေ။
#Ref ( ရတု - ဇနီးသည်အတွက် အလိုအပ်ဆုံးအရာ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)