
ဗိုက်ခွဲပြီးတော့ ကလေးမွေးထားတာ ၈ ရက်မြောက်နေ့ ရှိနေပါပြီ။ ချုပ်ရိုးက နာပြီးတော့ စပ်သလို ဖြစ်နေပါတယ်။ ခွဲပြီးစမှာ အဲဒီလို ဖြစ်တတ်ပါလား။ ပြီးတော့ ချုပ်ရိုးက ဘယ်အချိန်လောက်မှာ ကျက်ပြီးတော့ သွားနိုင်လာနိုင်ပါသလဲ။ အခုနေ ဘေးစောင်းအိပ်လို့လဲ မရသေးပါဘူးလား။

.. ဗိုက်ခွဲတာတိုင်းမှာ အရေပြား ၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး ၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရပါတယ်။ ကလေးမွေးဖွားတာဆိုရင် သားအိမ်ကိုပါ ၃ ထပ် ချုပ်ပေးရတယ်။
.. နာတာမှာ ခံစားမှု မတူတာတွေ ရှိပါတယ်။ ဗိုက်ကို တစ်ခါမက ခွဲနေရတဲ့သူတွေဆိုရင် သတိထားစရာ တစ်ခုရှိတယ်။ တစ်ခါခွဲတိုင်း တွယ်ကပ်မှု ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ “Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှု ဖြစ်စေတယ်” လို့ စာတစ်ပုဒ်သပ်သပ် ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေးပြုပြင်ပေးပါမယ်။
.. ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားဆိုတာ ရှိတယ်။ ဗိုက်ခွဲရရင်တော့ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ ခွဲရတာတွေလဲ အကြီးစားလို့ပဲ ယေဘုယျ ပြောနိုင်ပါတယ်။

.. အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဖို့ (၈) ရက်ထက် မစောင့်ရပါ။ ခေါင်းပိုင်းဆို (၅) ရက်ခန့်သာ ကြာတယ်။ STO ချုပ်ရိုး ဖြေတဲ့ရက်တွေ ဖြစ်ပါတယ်။ အရိုးကျိုးထားတာကတော့ အချိန်ပိုယူ ရပါမယ်။
.. အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေကလဲ ရက်တူတူ လောက်မှာ အနာကျက်ပါတယ်။
.. အကြမ်းဖျဉ်း နှစ်ပါတ် (၁၄ ရက်) ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ ပြောနိုင်ပါတယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်း ဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင် ပြောတာဖြစ်ပါတယ်။
.. ဗိုက်ကို အကြီးစားခွဲစိတ်မှုလုပ်ပြီးတော့ ချုပ်ရိုးကြောင်းတစ်ခုလုံး ဟပွင့်ထွက်ထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုး ဖြေတဲ့ရက်မှာဘဲ ဖြစ်ပါတယ်။ ပြန်ချုပ်ရာမှာ အထူးစီမံပြီးတော့ ချုပ်ပေးရတယ်။ အဲလိုလူမျိုးကတော့ နောက်တစ်ခါ ချုပ်ရိုးပြေဖို့အတွက် ရက်ပို စောင့်ရပါမယ်။

.. ချုပ်ရိုးမှာ လုံးလုံးလေးတွေလို စမ်းတွေ့တာက စိုးရိမ်စရာတော့ မရှိပါဘူး။ အရေပြားကို ချုပ်တဲ့ အပ်ခြည်၊ အောက်က အလွှာတွေကို ချုပ်တဲ့ အသားဖြစ်ချုပ်ကြိုး (ကက်ဂတ်) တွေက အမာရွတ်ဖြစ်စဉ်မှာ စုနေလို့သာ ဖြစ်ပါမယ်။ ကြာလေ အသားကျလေပဲ ဖြစ်ပါမယ်။ တကယ်လို့ နေရာတစ်ခုစီလောက်မှာ အနာလို ပန်းရောင်၊ အနီရောင် နေရာလေးတွေ ရှိရင်တော့ အထဲက ချုပ်ရိုးစလေး ထွက်ချင်လို့ နေမယ်။ ဒါ ထုတ်ပေးလိုက်ရင် ပျောက်သွားပါလိမ့်မယ်။
.. ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေးပျယ်တာနဲ့ လှုပ်ရှားမှုတွေစနိုင်ပါတယ်။ စလဲ စသင့်တယ်။ (ဟာနီယာ) အူကျတာကို ခွဲစိတ်တာ၊ (ပလပ်စတစ်) ခွဲစိတ်တာစတဲ့ တချို့ချွင်းချက်ကလွဲရင် ပြောတာ ဖြစ်ပါတယ်။
.. အသက်ကြီးတဲ့သူတွေဆိုရင် ခြေထောက်လှုပ်ရှားမှုကို မဖြစ်မနေ လုပ်စေတယ်။ လမ်းလျှောက် နိုင်တာလဲ ရက်မကြာပါ။
.. လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်း-အများနဲ့ အပြင်း-အပျော့ကွာမယ်။ ဘာပဲလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်ပါတယ်။
.. ၄ ပါတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်နေကြရတာ ဖြစ်ပါတယ်။ လက်ကို ခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။

.. အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွားတဲ့လမ်းမှာ ခွဲစိတ်ရတဲ့သူဆိုရင် (ကီဂယ်လ်) လေ့ကျင့်ခန်းလိုမျိုးကတော့ (၂) ပါတ်ထက်ပိုပြီးတော့ စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း (ဗဂျိုင်းနား)၊ ဆီးလမ်းအားကောင်းစေဖို့ လုပ်နည်းကို ဆိုလိုတာပါ။ သားအိမ်-ဆီးအိမ်ကျတာကို သက်သာစေပါတယ်။
.. လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမယ့်ဆေးတွေလည်း ကူသင့်ပါတယ်။ ဥပမာ မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရပါမယ်။ (တစ်ရှူး) တွေ အသစ်ဖြစ်စေအောင် (ပရိုတင်း) ဓါတ် မနည်းစေရပါ။ ကြွက်သား အားကောင်းအောင် (ပိုတက်ဆီယမ်) အပိုဆောင်းလို နိုင်တယ်။ (ပိုတက်ဆီယမ်) များတဲ့အစားအသောက်တေ လိုမယ်။ ဗီတာမင် (စီ) လဲ ၅ဝဝ မီလီဂရမ် သောက်တာ ကောင်းပါတယ်။
.. Chimose လို ဆေးပေးတာအတွက် ခွဲစိတ်ဆရာဝန်တိုင်းက ကောင်းတယ်-မကောင်းဘူးဆိုတာ သဘောထား မတူကြပါ။
.. ခွဲစိတ်မှု နည်းနာတွေပြည့်စုံရင် ခွဲစိတ်တာအတွက် ပိုးသေဆေး မပေးတာလဲရှိပါတယ်။ တစ်ချို့ ခွဲစိတ်မှုတွေမှာတော့ မခွဲခင်ကတည်းက ပိုးသေဆေး အရင် ပေးထားရပါတယ်။