
မေွးကင်းစ ကလေးအရွယ်မှ အသက်နည်းနည်းကြီးသည်အထိ လက်မစုပ်တတ်တဲ့ အကျင့်ရှိသော ကလေးများ ရှိကြပါတယ်။ ကလေးငယ်များတွင် လက်မစုပ်ရခြင်းသည် သူတို့၏စိတ်ထဲတွင် လုံခြုံမှု ၊ ပျော်ရွှင်မှု စသည့် စိတ်ခံစားချက်များ ရရှိနေခြင်းကြောင့် လက်မစုပ်တတ်ကြပါတယ်။ ဒါပေမယ့် သာမန်အားဖြင့်တော့ လက်မစုပ်တာက အန္တရာယ်မရှိသော်လည်း အသက်ကြီးလာတဲ့အခါ သွားပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်နိုင်ပြီး လူမှုပတ်ဝန်းကျင်မှာလည်း ရှက်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အသက်ကြီးသည်အထိ အဲ့အကျင့်လေး ပါမသွားရအောင် မိဘများက ကြိုတင် ကြိုးစားပြီးတော့ ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်များက အသက်၄နှစ်ကျော်လာလှျင် လက်မစုပ်တတ်တဲ့အကျင့်များ ပျောက်သွားတတ်ပါတယ်။ တကယ်လို့ သူ့အလိုလို ပျောက်သွားပါက စိုးရိမ်စရာတော့ မရှိပါဘူး။ သို့သော် အကျင့်ဖြစ်တာမျိုးမဟုတ်ဘဲ ကလေးများသည် စိတ်ဖိစီးမှုများနေသည်ဖြစ်စေ၊ စိုးရိမ်ကြောင့်ကြမှုကြောင့် တစ်ခုခုဖြစ်နေသည်ဖြစ်စေ လက်မကို စုပ်တတ်ပါတယ်။ မိဘများက မိမိကလေးငယ်၏ အမူအရာ ပြောင်းလဲမှုများကို သေချာလေ့လာထားဖို့ လိုပါတယ်။ ကလေးငယ်တစ်ယောက်သည် လက်မစုပ်တတ်တဲ့ အကျင့် ဖြစ်လာခြင်းမှာ တစ်စုံတစ်ရာကို ကြောက်၍ ဖြစ်လာတာလား။ ဒါမှမဟုတ် ညဘက်အိပ်ပျော်ဖို့အတွက် လက်မစုပ်ပြီးမှ အိပ်လေ့ရှိသလားဆိုတာကို ကောင်းကောင်း အဖြေရှာရပါလိမ့်မယ်။

ဒီလိုအဖြေရှာခြင်းဟာ လက်မစုပ်တတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ဖို့အတွက် အသုံးဝင်ပါလိမ့်မယ်။ စကားပြောတတ်တဲ့အရွယ်ရောက်လာတဲ့အခါ မိဘများက ကလေးကို သေချာ မေးကြည့်ပါ။ ဘာကြောင့် လက်မစုပ်ရသလဲဆိုတာကို ကလေးကိုယ်တိုင်က ပြောလာခြင်းသည်လှျင် အဖြေရှာနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ လက်မစုပ်တတ်တဲ့အကျင့်ဖြစ်ရခြင်း အကြောင်းအရာများကို တေွ့ရှိပြီးတဲ့အခါ မိဘများက အကျင့်ပျောက်အောင် တဖြည်းဖြည်းချင်း ပြုပြင်နိုင်ပါတယ်။ ကလေးကို သက်တောင့်သက်သာဖြစ်စေခြင်း ၊ စိုးရိမ်ပူပန်မှုတေွကို ပြေပျောက်အောင် အရင်ပြုလုပ်ပေးခြင်းက လက်မစုပ်တတ်တဲ့အကျင့်ကို ပြင်နိုင်ဖို့ အရေးကြီးဆုံးအချက်ပါပဲ။ ညဘက် အမေှာင်ကို ကြောက်တတ်တဲ့ကလေးမျိုးဆိုလှျင် ညမီးအိပ် ဖျော့ဖျော့လေး ထွန်းထားပြီးတော့ အိပ်စေတာမျိုး၊ ညဘက် လက်မစုပ်ပြီးတော့ အိပ်တတ်တဲ့ကလေးတေွဆိုလှျင် ပုံပြင်စာအုပ်ဖတ်ပြတာမျိုး ၊ သီချင်းဆို၍ ချော့သိပ်တာမျိုးစသည့် နည်းလမ်းလေးတေွကို သုံးကြည့်နိုင်ပါတယ်။ တစ်ချို့သော ကလေးတေွကျတော့ စိတ်ဖိစီးမှု များလာတဲ့အခါ ၊ စိတ်ညစ်တဲ့အခါ ပျင်းရိနေတဲ့အခါမျိုးတေွမှာ လက်မကို စုပ်တတ်လေ့ရှိပါတယ်။ အဲဒီအခါမျိုးမှာ ကလေးများကို ကစားစရာ အရုပ်လေးများနဲ့ ဆော့ခိုင်းပါ။ ကစားစရာများကို လက်ဖြင့် ကိုင်တွယ်ကစားနေခြင်းအားဖြင့် လက်မစုပ်ဖို့ အတေွးမဝင်တော့ပဲ ရှိနေပါလိမ့်မယ်။ ကစားစရာတေွနဲ့ အလုပ်ရှုပ်စေတာဟာ ဒီအကျင့်ကို ဖျောက်ဖျက်ဖို့အတွက် အလွယ်ဆုံးနည်းလမ်း ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။

နောက်တစ်ချက်အနေနဲ့ ကလေးငယ်မှာ လက်မစုပ်ချင်လာတဲ့အချိန် လက်သီးဆုပ်ခိုင်းလိုက်တာမျိုး ၊ လက်ချောင်းလေးတေွကို ဖွက်တမ်းကစားကြတာမျိုး စသည်ဖြင့် အာရုံပြောင်းပေးနိုင်ပါတယ်။ ညဘက်အိပ်တဲ့အခါမှာလည်း ဝက်ဝံအရုပ်လိုမျိုး ကလေးနှစ်သက်တဲ့ အရုပ်တစ်မျိုးမျိုးကို ဖက်အိပ်စေခြင်းဖြင့်လည်း လက်မစုပ်တတ်တဲ့အကျင့်ကို တစ်ဖြည်းဖြည်း ဖျောက်ဖျက်ပေးစေနိုင်ပါတယ်။
အပေါ်က ပြောခဲ့တဲ့ အချက်တေွနဲ့ စည်းရုံးလို့မှ မရရင်တော့ ကလေးလက်လေးကို အိမ်မှာရှိနေတဲ့အချိန် သို့မဟုတ် ကလေးအိပ်ပျော်နေတဲ့အချိန်တေွမှာ လက်ကို ပတ်တီးနဲ့စည်းထားပေးခြင်း သို့မဟုတ် ခြေစွပ်လိုမျိုး အဝတ်တစ်ခုခုဖြင့် အုပ်ထားပေးခြင်းဖြင့်လည်း ပြုလုပ်ပေးလို့ရပါတယ်။ ဒါကတော့ နည်းနည်း အကျပ်ကိုင်တဲ့နည်းလမ်း ဖြစ်သွားပါလိမ့်မယ်။ စကားကောင်းမွန်စွာပြောလာနိုင်တဲ့အရွယ် မိဘစကားကို ကောင်းကောင်း နားလည်လာတဲ့အရွယ်ဖြစ်လာတဲ့အခါ မိဘများက ကလေးများနဲ့ သေချာစကားပြောပြီးတော့ ဆေွးနေွးသင့်ပါတယ်။ တစ်ခါတလေမှာ ကလေးတေွက လက်မစုပ်နေတာကို သူတို့ကိုယ်တိုင် သတိမထားမိတာတေွ ရှိတတ်ပါတယ်။ အရင်ဆုံး လက်မစုပ်တာက ကောင်းတဲ့အလေ့အကျင့်တစ်ခုမဟုတ်ကြောင်း သေချာနားလည်အောင် ပြောပြပြီးတော့ သူတို့ကိုယ်တိုင် သတိထားမိစေဖို့အတွက် အသိပေးပါ။ အပြင်သွားတဲ့အခါ လူအများရှိတဲ့နေရာသွားတဲ့အခါ ဒီလိုအပြုအမူမျိုး မလုပ်မိစေဖို့အတွက် အချင်းချင်း သင်္ကေတ တစ်ခုခုသတ်မှတ်၍ သတိပေးတာမျိုးတေွ ပြုလုပ်ပေးပါ။

အကျင့်တစ်ခုကို ဖျောက်ဖျက်ဖို့ဆိုတာ တကယ်တော့ ဒါဟာ ခက်ခဲတဲ့ အရာတစ်ခုပါပဲ။ ကလေးတေွဟာ မကောင်းတဲ့အကျင့်တစ်ခုကို လွယ်လွယ်ကူကူနဲ့ အချိန်တိုတိုအတွင်းမှာ ဖျောက်နိုင်ဖို့ဆိုတာ မိဘတေွရဲ့ အားပေးမှုတေွ မိဘတေွရဲ့ကူညီမှုတေွ အများကြီးလိုအပ်ပါတယ်။ ဆူပူနေမယ့်အစား ကလေးကို အကျင့်ဆိုတာ ဖျောက်ဖို့ခက်ကြောင်း၊ ကြိုးစားနေတဲ့ကလေးကို အားပေး ချီးကျုးနေပေးဖို့က ပိုအရေးကြီးပါတယ်။ မှန်ရေှ့မှာ သွားစေ့၊ ပါးစပ်ဟပြီးတော့ သွားပိုးစားနေတာတေွ သွားအပေါက်ဖြစ်နေတာမျိုးရှိနေလှျင် ဒီလိုဖြစ်ရခြင်းက လက်မစုပ်နေလို့ဖြစ်ရကြောင်း၊ သွားလှလှလေးတေွ ဖြစ်ချင်ရင် လက်မမစုပ်ပဲ နေဖို့ ကြိုးစားသင့်ကြောင်း ကလေးတေွကို ဒီလိုလေးတေွလည်း ပြောပေးသင့်တယ်လို့ ယူဆပါတယ်။ အကယ်၍ မိမိရဲ့ကလေးဟာ လက်မစုပ်တတ်တဲ့အကျင့် တစ်ဖြည်းဖြည်း ပျောက်သွားပါက မိဘတေွက ကလေးကို ဆုပေးတဲ့ စနစ်လေး ကျင့်သုံးပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကလေးရဲ့ ကြိုးစားမှု၊ အောင်မြင်မှုတေွကို ကောင်းကောင်း အသိအမှတ်ပြုပေးတဲ့သဘောဖြစ်နေလို့ပါပဲ။ ဒီလိုမကောင်းတဲ့အကျင့်လေးကို ဖျောက်နိုင်တဲ့အတွက် ကြီးမားတဲ့လက်ဆောင် မဟုတ်တောင် ညဘက် ပုံပြင်တစ်ပုဒ်လို ပိုဖတ်ပြတာမျိုး၊ အရုပ်လေးတစ်ရုပ် ဝယ်ပေးတာမျိုး၊ ကစားကွင်းကို လိုက်ပို့ပေးတာမျိုး စသည့် လက်ဆောင်များနဲ့ ကလေး စိတ်ဓာတ်တက်ကြွလာအောင် ပြုလုပ်ပေးလို့ရပါတယ်။ ဒါမှသာ ကလေးမှာလည်း သူ့ကြိုးစားမှုအတွက် ဒီလိုလက်ဆောင်လေးရတယ်ဆိုတဲ့ အတေွးလေး ဝင်သွားမှာပါ။

တစ်ချို့သော မိဘတေွမှာ ကလေးရဲ့အကျင့်တစ်ခုခုကို ပြင်ချင်တဲ့အခါ အတင်းအကြပ် တိုက်တွန်းတာမျိုး ၊ ဆူပူကြိမ်းမောင်းတာမျိုးတေွ ရှိပါတယ်။ ဒီလိုအပြုအမူတေွကိုတော့ မလုပ်မိစေဖို့ အကြုံပြုပါရစေ။ တကယ်လို့ ကလေးငယ်တေွရဲ့ စိတ်ဟာ နူးညံ့လွန်းတဲ့အတွက် မိဘတေွမှာ အကျိုးအကြောင်း မရှင်းပြဘဲ ဆူပူလွန်းတဲ့အခါ အရွဲ့တိုက်တတ်စိတ်ကို ဖြစ်စေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း နှစ်ဆတိုးပွားစေပါတယ်။ ထို့အပြင် လက်မစုပ်တတ်တဲ့အကျင့်ပျောက်အောင် လက်ကို ရှာလကာရည် သုတ်တာမျိုး ၊ အန္တရာယ်မရှိတဲ့ လက်သည်းနီဆိုးဆေးတေွ ဆိုးပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။
နောက်ဆုံးအနေနဲ့ အထက်ပါ အကြောင်းအရာများနဲ့ ကြိုးစားကြည့်သော်လည်း မိမိကလေးမှာ ဘယ်လိုမှ အကျင့်ဖျောက်ဖျက်မရဘဲ ဖြစ်နေပါက သွားဆရာဝန်နှင့် သွားပြ၍ ဆရာဝန်နဲ့ တိုင်ပင်ဆေွးနေွးသင့်ပါတယ်။ ထိုအခါ သွားဆရာဝန်များရဲ့ လမ်းညွှန်ချက်အတိုင်း သေချာပြုလုပ်ပေးခြင်းဖြင့် ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် မိမိကလေး၏ သွားကျန်းမာရေးအတွက်လည်း သွားဆရာဝန်နဲ့ မကြာခဏ ပြပေးဖို့အတွက် တိုက်တွန်းလိုက်ပါရစေ။
#Ref( ဒေါက်တာ သီတာလှုိင်(ဆေး ၂) - လက်မစုပ်တတ်တဲ့ ကလေး ဘာဖြစ်မလဲဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)