အိမ်ထောင်ပြုပြီးသား အမျိုးသမီးများဟာ အနာဂတ်ရင်သွေးငယ်လေး မရနိုင်မှာကို စိုးရိမ်လေ့ရှိကြပါတယ်။ သူတို့မျိုးမပွားနိုင်မှာကိုတွေးပြီး စိုးရိမ်ကြသလို ကိုယ်ဝန်ဆောင်ချိန် ၊ မီးဖွားချိန်တွေမှာလည်း တစ်စုံတစ်ရာပြဿနာ ပေါ်ပေါက်လာမှာကို အထူးကြောက်ရွံ့တတ်ကြပါတယ်။ အမျိုးသမီးတစ်ယောက် သန္ဓေမအောင်နိုင်ခြင်းဟာ မွေးရာပါချို့ယွင်းချက်ကြောင့်သာမကပဲ အခြားသောအချက်လေးတွေရဲ့ လွှမ်းမိုးမှုတွေကြောင့်လည်း ဖြစ်နိုင်တာကို တွေ့ရပါတယ်။
၁။ ကိုယ်အလေးချိန်ပြဿနာ
အဝလွန်ခြင်းဟာ အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်ရာမှာ အခက်အခဲဖြစ်ပေါ်စေတဲ့အပြင် ဟော်မုန်းမညီမျှမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ အဝလွန်တဲ့အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ဆောင်ရာမှာ များစွာသော အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။
၂။ လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်း
ဒီပြဿနာကို အဓိကကြုံတွေ့ရတာကတော့ ပရော်ဖက်ရှင်နယ်လ် အမျိုးသမီး အားကစားသမားတွေပါပဲ။ သူတို့ဟာ ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းများရရှိဖို့အတွက် အချိန်ပြည့်နီးပါး ကြိုးစားလေ့ကျင့်နေရတာကြောင့် ကိုယ်ဝန်ဆောင်ဖို့ရာအတွက် လိုအပ်တဲ့စွမ်းအင်ကို လုံလောက်စွာ မထုတ်လုပ်နိုင်တော့ပါဘူး။ ဒ့ါကြောင့်သူတို့အနေနဲ့ ကိုယ်ဝန်ဆောင်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
၃။ ကော်ဖီသောက်သုံးခြင်း
တကယ်လို့များသင်ဟာ ကော်ဖီချစ်သူတစ်ယောက် ဖြစ်မယ်ဆိုရင်လည်း ကိုယ်ဝန်ဆောင်ဖို့ရာမှာ အခက်အခဲလေးတွေ ကြုံတွေ့နိုင်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ကိုယ်ဝန်ဆောင်ဖို့ခက်ခဲစေတဲ့အပြင် ကိုယ်ဝန်ရသွားပြီးနောက်ပိုင်း အများအပြားသောက်နေမယ်ဆိုရင်လည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။
၄။ အသက်အရွယ်
အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ယူဖို့ အကောင်းဆုံးအသက်အရွယ်က အသက်၂၀နဲ့၃၀ကြားပါပဲ။ အသက်၃၅နှစ်နဲ့အထက် အမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ရနိုင်ချေဟာ ကျဆင်းလာပြီး အောင်အောင်မြင်မြင် မီးဖွားနှုန်းဟာလည်း လျော့နည်းလာပါတယ်။
၅။ ဆေးလိပ် ၊ အရက်သောက်သုံးခြင်း
ဆေးလိပ်နဲ့အရက်သောက်သုံးခြင်းဟာ အမျိုးသမီးတွေကို ခန္ဓာကိုယ်တွင်းအင်္ဂါများ ပျက်စီးဆုံးရှုံးစေရုံသာမကပဲ မိခင်ဖြစ်ရေး အခွင့်အလမ်းတွေကိုပါ ဖျက်စီးပစ်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ယူဖို့ ရည်ရွယ်ထားတဲ့ အမျိုးသမီးများအနေနဲ့ ဆေးလိပ် ၊ အရက်များကို လုံးဝ ၊ လုံးဝ ရှောင်ကြဉ်လိုက်သင့်ပါတယ်။
HYA (kyarlay)