အသက် ၆လမှ စ၍ အသက်တစ်နှစ်ကျော်ကျော် အရွယ်အထိ ဘယ်ပစ္စည်းဘယ်အရာဝတ္ထုကိုမဆို ပါးစပ်ထဲ ကောက်ကောက်ထည့်သည့် နည်းဖြင့်သာ စူးစမ်းလေ့လာတတ်သည့် ကလေးတစ်ယောက်ကို စားစရာမဟုတ်တာ ပါးစပ်ထဲကို ထည့်၍ ဘယ်သူမှ အံ့သြ စိတ်ပူနေကြမည် မဟုတ်ပါ။ အသက်သုံးနှစ်သားလေး တစ်ယောက်က ခေါက်ထားသည့် ကော်ဇော၊ လွှင့်ပစ်ထားသည့် စက္ကူလုံး အစရှိသည်တို့ကို လိုက်ဝါးနေရင်တော့ ကိုယ့်ကလေး စိတ်များ ဖောက်ပြန်သွားပြီလားဟု ဆိုကာ အရမ်းစိတ်ပူနေကြမယ်ဆိုတာ အမှန်ပါပဲ။
ဒါဟာ အန္တရယ် ရှိလားဟု မေးရင်တော့ သူ ကောက်ဝါးသည့် ပစ္စည်းပေါ် မူတည်၍ပဲ ပြောရမှာ ဖြစ်ပါတယ်။ ကောက်ဝါးသည့်အရာက လည်ချောင်းထဲ ဝင်ရင် တစ်ဆို့နေတတ်သည့် ပြဿနာအကြောင်းလည်း ကျှန်တော် ရေးခဲ့ပြီးပါပြီ။ အဆိပ်အတောက် ဖြစ်တတ်သည့်အရာများ အကြောင်းလည်း ရေးခဲ့ပြီးပါပြီ။ စိန်တုံးကြီးတစ်တုံး ကိုယ့်အိမ်မှာ ရှိနေရင် စစ်သူကြီးတစ်ယောက် စစ်ပြင်ဆင်နေသည်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသလို ကိုယ့်အိမ်ကိုယ် လှည့်ပတ်ကြည့်ရှု စစ်ဆေးပြီး ကလေးအတွက် အန္တရယ်ကင်းသော ပတ်ဝန်းကျင် ဖြစ်အောင် ကြိုတင် ပြင်ဆင်ထားရမည်ဟု ကျှန်တော် ရေခဲ့ဖူးပါတယ်။
ဒီတစ်ခေါက် ဆေွးနေွးချင်တာကတော့ ဘာလို့ သူတို့ အဲသလိုလုပ်ကြသလဲ ဆိုတာပါ။ ဒါ စိတ်ရောဂါလည်း မဟုတ်ပါဘူး။ ဘာသတ္တဝါမှ ဝင်စားလို့လည်း မဟုတ်ပါ။ သူ့အရွယ်နှင့် သူ ဖြစ်တတ်တာမျိုးပါ။ ကလေးတိုင်း မဟုတ်ပေမယ့် တစ်ချို့တေွ လုပ်တတ်ပါတယ်။ သူတို့စိတ်ထဲမှာ တစ်ခုခု တင်းကျပ်လာသည့်အခါ ပတ်ဝန်းကျင်တွင် အပြောင်းအလဲတေွ များလွန်းသဖြင့် သူတို့ စိုးရွံ့လာသည့်အခါ သူတို့စိတ်ထဲက ခံစားချက်ကို ပါးစပ်နှင့် ပြည့်ပြည့်စုံစုံ ပြောမပြတတ်သည့် အရွယ်မို့ ဟန်ပန်အမူအရာနှင့် ပြကြတာပါ။
ဒေါ့ဖ်ဘယ်ရီ အမည်ရှိ ပုဂ္ဂိုလ်က လူဟာ တစ်သက်မှာ တစ်ခါပဲ ငယ်ရွယ်နုပျို နိုင်ပါတယ်။ မပြည့်ဝတာ၊ မရင့်ကျက်တာကတော့ တစ်သက်လုံးလည်း ဖြစ်ချင် ဖြစ်တာပါပဲဟု ပြောဖူးပါတယ်။ လူကြီးတေွ ခဲတံ ကိုက်ကိုက် နေတတ်တာကို မြင်ဖူးပါသလား။ ကျောင်းနေသည့်အရွယ် ကလေး ခပ်ကြီးကြီးတေွ ဆံပင်ကို ကိုယ့်ဘာသာကိုယ် လိမ်လိမ်ဆွဲနေတာ မြင်ဖူးပါသလား။ အဲဒါတေွက စိတ်တင်းကျပ်လို့ လုပ်နေကြတာပါ။ ကျောင်းမနေသေးသည့် အရွယ်ကလေးက ကော်ဇောကြီး ကိုက်ဝါးနေတာ အဲဒါတေွနဲ့သဘောတရားချင်း အတူတူပါပဲ။ ရှားရှားပါးပါး သံဓာတ်ချိုတဲ့သည့် ကလေးတစ်ချို့ဟာလည်း အဲလို လုပ်တတ်ပါတယ်။
#Ref(ဒေါက်တာ ရဲမြင့်ကျော်- မေ့ရင်သေွးကောက်နုတ်ချက်မှ)