ကျွန်တော်တို့တွေဟာ ရောဂါပိုးတွေ ကူးစက်ခံရတိုင်းမှာ ပဋိဇီဝပိုးသတ်ဆေးတွေ သောက်လေ့ရှိကြပါတယ်။ ဆရာဝန်တွေကလည်း ပဋိဇီဝပိုးသတ်ဆေးတွေ ပေးလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုသောက်တာဟာ စိတ်ချရရဲ့လား၊ ဘေးထွက်ဆိုးကျိုးတွေ များရှိနေလား။ အထူးသဖြင့် ကလေးကို နို့တိုက်နေရတဲ့ နို့တိုက်မိခင်တွေအတွက် ဒီလိုဆေးတွေ သောက်တာဟာ ဘေးထွက်ဆိုးကျိုးတွေ များရှိနိုင်သလား။ နို့တိုက်မိခင်တွေကတော့ ဘာကိုပဲစားစား၊ ဘာကိုပဲသောက်သောက် နို့ရည်ကနေတစ်ဆင့် ကလေးဆီကို ရောက်သွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်ဆေးတွေကတော့ ကလေးကို ထိခိုက်စေနိုင်တယ်၊ ဘယ်ဆေးတွေကတော့ မထိခိုက်စေနိုင်ဘူးကို သိဖို့ပြောပြပေးပါမယ်။ပဋိဇီဝပိုးသတ်ဆေးတစ်ခုဟာ ကလေးရဲ့ကျန်းမာရေးကို သက်ရောက်မှု ရှိ၊ မရှိ သူ့ရဲ့ အမျိုးအစားနဲ့ သောက်တဲ့ ပမာဏပေါ် မူတည်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး အများစုကတော့ နို့တိုက်မိခင်တွေ သောက်သုံးဖို့ သင့်တော်ပြီး ကလေးရဲ့ ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ပဋိဇီဝပိုးသတ်ဆေး သောက်တာဟာ သင့်ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်မှု ရှိ၊ မရှိ ဆိုတာဟာ အောက်ပါအချက်တွေပေါ်မှာ မူတည်ပါတယ်။
၁။ ကလေးရဲ့အသက်အရွယ်နဲ့ ယေဘုယျကျန်းမာရေး
-----------------------------------------------------------
ကလေးအသက်ငယ်လေ၊ ကျန်းမာရေးကို ထိခိုက်နိုင်ချေ များလေဖြစ်ပါတယ်။ ၂ လ အောက် ကလေးတွေမှာ ပိုထိခိုက်လေ့ရှိပြီး ၆ လ အထက် ကလေးတွေမှာတော့ အမေက ပဋိဇီဝပိုးသတ်ဆေး သောက်လို့ ကလေးကျန်းမာရေးကို ထိခိုက်တာမျိုး ရှားပါတယ်။ ဒါ့အပြင် ကလေးဟာ မွေးရာပါ ရောဂါတွေ ရှိနေရင် ကလေးကို ထိခိုက်နိုင်တဲ့နှုန်း မြင့်ပါတယ်။
၂။ မိခင်နို့ရည်ထဲက ပရိုတင်းပါဝင်မှု
-----------------------------------------
မိခင်ရဲ့နို့ရည်ထဲမှာ ပရိုတင်းပါဝင်မှုများရင် ပဋိဇီဝပိုးသတ်ဆေး သောက်သုံးတာကို ပိုသတိထားရပါမယ်။ ကလေးကို ထိခိုက်နိုင်တဲ့ ရာခိုင်နှုန်းများလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လမစေ့ဘဲ မွေးတဲ့ကလေးတွေရဲ့ မိခင်တွေကလည်း ပဋိဇီဝ ပိုးသတ်ဆေးသောက်တာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှပဲ သောက်သင့်ပါတယ်။
၃။ ပဋိဇီဝပိုးသတ်ဆေးထဲမှာ ပါတဲ့ ဒြပ်ပေါင်းပါဝင်မှု
------------------------------------------------------------
တချို့ ပဋိဇီဝပိုးသတ်ဆေးတေွမှာ ပရိုတင်းဓာတ်နဲ့ ပေါင်းနိုင်စွမ်း မြင့်တဲ့ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒီလို ပေါင်းနိုင်လေလေ မိခင်ရဲ့ နို့ရည်ကနေ တစ်ဆင့် ကလေးဆီကို ရောက်နိုင်လေလေပဲ ဖြစ်ပါတယ်။
၄။ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ တခြားဆေးတွေ ရောစပ်ထားမှု
------------------------------------------------------------------------
တချို့ ပဋိဇီဝပိုးသတ်ဆေးတွေကို အခြားဆေးတွေနဲ့ တွဲဖက်သောက်သုံးတာဟာ မိခင်အတွက် အန္တရာယ်မရှိပေမယ့် ကလေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
၅။ ပဋိဇီဝပိုးသတ်ဆေးရဲ့ခန္ဓာကိုယ်ထဲမှာ နေနိုင်တဲ့ကြာချိန်
------------------------------------------------------------------
ပဋိဇီဝပိုးသတ်ဆေးတွေ သောက်တာဟာ ကလေးကို ထိခိုက်နိုင်လားဆိုတာက မိခင်ကသောက်လိုက်တဲ့ ပဋိဇီဝပိုးသတ်ဆေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ နေနိုင်တဲ့ကြာချိန်ပေါ်လည်း မူတည်ပါတယ်။ ကြာချိန်များလေလေ ကလေးကို ထိခိုက်နိုင်ချေ များလေလေပါပဲ။
မိခင်က ပဋိဇီဝပိုးသတ်ဆေးသောက်တာကြောင့် ကလေးမှာ အဆိုးဆုံး ဘာတွေဖြစ်နိုင်မလဲ
-------------------------------------------------------------------------------------------------------
၁။ ကလေးရဲ့ အူထဲမှာပုံမှန်ရှိသင့်တဲ့ ရှိရမယ့် ဘက်တီးရီးယားပိုးတွေ သေကုန်တယ်။ ဒီပိုးတွေက အစာချေဖျက်တာကို ကူညီပေးပါတယ်။ ဒါပေမယ့် မိခင်နို့ရည်နဲ့အတူ ပါလာတဲ့ ပဋိဇီဝပိုးသတ်ဆေးတွေကိုတော့ မချေဖျက်နိုင်ဘဲ ပိုးတွေသေကုန်ပါတယ်။ ဒါ့ကြောင့် အာဟာရကို ကောင်းကောင်း မစုပ်ယူနိုင်တာမျိုးတွေ၊ ဝမ်းပျက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
၂။ ကလေး အဖျားကြီးခြင်း
အဖျားကြီးတာဟာ ကိုယ်ခံအားစနစ်က အပြင်က ဝင်လာတဲ့အရာကို တိုက်ထုတ်ဖို့ ကြိုးစားရင်း ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ ကိုယ်ခံအားစနစ်က သိပ်မဖွံ့ဖြိုးသေးပါဘူး။ ဒီလိုအချိန်မှာ မိခင်နို့ရည်က တစ်ဆင့် ပဋိဇီဝပိုးသတ်ဆေးတွေ ဝင်လာတဲ့အခါ ကလေးရဲ့ ကိုယ်ခံအားစနစ်က အတင်းတိုက်ထုတ်ပါတော့တယ်။ ဒီလို အခြေအနေမျိုးမှာ ကလေးကအဖျားကြီးတာမျိုး ဖြစ်တတ်ပါတယ်။
ပဋိဇီဝပိုးသတ်ဆေး သောက်နေရတဲ့မိခင်တွေ မိမိကလေးကို မထိခိုက်အောင်ဘာလုပ်ရမလဲ
--------------------------------------------------------------------------------------------------
၁။ တကယ်လို့ ပြောင်းလို့ရခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ဆေးအစားလိမ်းဆေးကို ပြောင်းပါ။
၂။ ကလေးငယ်တွေအတွက် မထိခိုက်ဘူးလို့ အာမခံထားတဲ့ ပဋိဇီဝပိုးသတ်ဆေးကိုပဲ သောက်ပါ။
၃။ နို့တိုက်ပြီးနောက် ပဋိဇီဝပိုးသတ်ဆေးကို ချက်ချင်းသောက်ပါ။ ဒီလိုသောက်တာကြောင့် ဆေးသောက်ထားတဲ့အချိန်နဲ့ နောက်တစ်ခေါက် နို့တိုက်ရမယ့် အချိန်ကြားမှာ အချိန်လွတ် ရှိနေနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုရှိနေရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အရ သောက်လိုက်တဲ့ဆေးကို စွန့်ထုတ်ဖို့လုပ်မှာ ဖြစ်တဲ့အတွက် ကလေးဆီကို ရောက်နိုင်ချေနည်းသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့-
နို့တိုက်မိခင်တွေအနေနဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်ဝယ်မသောက်ကြပါနဲ့။ ကိုယ်ကိုယ်တိုင် အပြင် ကိုယ့်ကလေးအတွက်ပါ အန္တရာယ် ရှိနိုင်ပါတယ်။ ဒီလိုအချိန်မျိုးဟာ အရေးလှကြီးတဲ့အတွက်ကြောင့် ဘယ်လိုဆေးကိုပဲ သောက်သောက်ဆရာဝန်နဲ့ သေချာစွာတိုင်ပင်ပြီးမှ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျ သောက်သုံးဖို့ လိုအပ်လှပါကြောင်း အသိပေးလိုက်ရပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး