မေမေတို့ရေ နေ့စဉ်မွေးကင်းစကလေး မနက်နိုးစဉ်ကနေစပြီး မျက်နှာသစ်သန့်စင်ပြီး နားရွက်အနောက်၊ လည်ပင်းတွေကို ရေစိုဝတ် (ဒါမှမဟုတ်) ရေစိုလက်နဲ့ ညင်သာစွာပွတ်တိုက်ပေးရပါမယ်။ နားရွက်အနောက်ကို သေချာမပွတ်တိုက်ပါက ကြေး(ဂျီး) တင်ပြီး နားကွဲနာဖြစ်တတ်ပါတယ်နော်။
လည်ပင်းအောက်ကိုလည်း ပွတ်တိုက်ပြီး ခြောက်သွေ့အောင်ထားရပါမယ်။ ကလေးငယ်တွေရဲ့ လည်ပင်းဟာ ပုတိုနေတဲ့အတွက် ရေတွေ၊ ချွေးတွေဝပ်နေတတ်ပါတယ်။ အဲ့ဒီအခါမှာ လည်ပင်းအရေခွံတွေ လန်တတ်ပါတယ်နော်။
မိဘတွေက အချို့ကလေးတွေကို ခမဲကြိုးတွေဆင်ပေးတတ်ကြပါမယ်။ အဲ့ဒီအဝတ်ကြိုးတွေက ရေစိုတဲ့အခါခြောက်သွေ့မလွယ်တာကြောင့် လည်ပင်းပွန်းပြီးအရေခွံလန်တတ်ပါတယ်။
နောက်ပြီးမွေးကင်းစကလေးတွေကို သနပ်ခါး၊ ပေါင်ဒါတွေမလိမ်းပေးသင့်ပါဘူးနော်။ အဲ့ဒီလိုလိမ်းပေးတာကြောင့် အခန့်မသင့်တဲ့အခါ အရေပြားနာ၊ ပြည်တည်နာတွေဖြစ်ပွားတတ်ပါတယ်။ မျက်နှာမှာ သနပ်ခါးပေါင်ဒါတွေကို ဖုံနေအောင်လိမ်းပေးထားမယ်ဆိုရင် မျက်စိအတွင်းထောင့်ရှိ မျက်ရည်ဝင်ပေါက်ကလေးပိတ်သွားတတ်ပြီး မျက်ရည်ဝဲဝဲနေတတ်တာကတဆင့် ပိုးဝင်ပြီးမျက်စိနာတတ်ပါတယ်။ အဲ့ဒါကြောင့် ကလေးတွေကို မွေးစနဲ့ငယ်ရွယ်စဉ်မှာ သနပ်ခါး၊ ပေါင်ဒါတွေကို လုံးဝလိမ်းမပေးသင့်ပါဘူး။ ပေါင်ကြားကိုလည်း ပေါင်ဒါတွေမလိမ်းသင့်ပါဘူး။ သန့်ရှင်းခြောက်သွေ့အောင်ထားသင့်ပါတယ်။ ပေါင်ဒါကြောင့် ပေါင်ပွန်းချိန်မှာ ပိုမိုဖြစ်ပွားစေတတ်ပါတယ်မေမေတို့ရေ။
ကလေးငယ်တွေအားလုံးသန့်ရှင်းကျန်းမာမှုတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
(မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြထားပါသည်)
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး