ဖေဖေ၊ မေမေတို့ရေ မိသားစုတိုင်းအတွက် ဂရုပြုပြီးသိထားသင့်တဲ့ အသည်းရောင်အသားဝါ (အီး) ရောဂါနဲ့ပတ်သက်လို့ ကျားလေးကနေ မျှဝေပေးချင်ပါတယ်။ အဲ့ဒီရောဂါကတော့ ရောဂါပိုးကြောင့်ဖြစ်ပွားတတ်တာဖြစ်ပြီး အများအားဖြင့်တော့ (၂) ပတ်ကနေ (၆) ပတ်အတွင်း အလိုလျောက်သက်သာသွားတတ်ပါတယ်။ ဒါပေမယ့်လည်း အခန့်မသင့်ရင်တော့ အချို့တွေမှာ ရုတ်တရက်အသည်းပျက်စီးပြီး အသက်သေဆုံးတဲ့အထိ ဖြစ်ပွားတတ်ပါတယ်နော်။
မေမေတို့ရေ အဲ့ဒီရောဂါဖြစ်ပွားနေတယ်ဆိုရင်တော့ ..
- ဖျားတာ၊ အစားအသောက်ပျက်တာ
- အသားဝါတာ၊ မျက်လုံးဝါတာ၊ ဆီးအရောင်ရင့်တာ
- ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ ယားတာ၊ အနီစက်တွေထွက်တာ
- အဆစ်အမြစ်တွေကိုက်ခဲတာ၊ အသည်းကြီးပြီး ၀မ်းဗိုက်နာကျင်တာ စတဲ့ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အသည်းရောင်အသားဝါ (အီး) ရောဂါကို ပြင်းထန်စွာခံစားရပြီး ရုတ်တရက်အသည်းပျက်စီးတဲ့အခြေအနေအထိ ရောက်ရှိကာ အသက်ဆုံးရှုံးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင်တော့ ကိုယ်ဝန်ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ ရောဂါပိုးကူးစက်ခံရမယ်ဆိုရင် အသည်းပျက်စီးမှုပိုမိုဖြစ်ပွားပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားအသက်သေဆုံးတဲ့အထိ ဖြစ်ပွားတတ်ပါတယ်။
မေမေတို့ရေ ဒီရောဂါကူးစက်နိုင်တာတွေကတော့ ..
- မသန့်ရှင်းတဲ့ရေ၊ အညစ်အကြေး၊ မစင်စတာတွေကတဆင့် အစာအိမ်၊ အူလမ်းကြောင်းထဲကို ရောက်ရှိကူးစက်နိုင်ပါတယ်။
- သေချာစွာကျက်အောင်မချက်ပြုတ်ထားတဲ့ အသား၊ အသားစိမ်း (ဒါမှမဟုတ်) ရောဂါပိုးကူးစက်ခံရတဲ့ တိရစ္ဆာန်အသားစားသုံးမိရာကနေ ကူးစက်နိုင်ပါတယ်။
- ရောဂါပိုးဝင်နေတဲ့သွေး (ဒါမှမဟုတ်) သွေးနဲ့ဆက်စပ်ပစ္စည်းသွင်းမိရာကနေ ကူးစက်နိုင်ပါတယ်။
- ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားကို ကူးစက်နိုင်ပါတယ်။
အဲ့ဒါကြောင့်လည်း မိသားစုအားလုံးရောဂါကင်းဝေးပြီး ပျော်ရွင်ကျန်းမာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ဖို့အတွက် အားလုံးကဂရုတစိုက်နဲ့နေထိုင်စားသောက်ကြဖို့အတွက် တိုက်တွန်းအပ်ပါတယ်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး