"ပေါင်ချိန်မပြည့်တဲ့ ကလေးငယ်"
မွေးကင်းစ ကလေးငယ်တွေရဲ့ပျမ်းမျှပေါင်ချိန်ကို ၃.၄ကီလိုဂရမ် (3.4kg) ဒါမှမဟုတ် ၇.၆ပေါင် (7.6lb)လို့သတ်မှတ်ပါတယ်။ အကယ်၍များ ကလေးရဲ့ပေါင်ချိန်ဟာ ၂.၅ကီလို (2.5kg) ဒါမှမဟုတ် ၅.၅ပေါင် (5.5lb) ထက်လျော့နည်းနေမယ်ဆိုရင်တော့ ပေါင်မပြည့်ဘဲမွေးလာတယ်လို့သတ်မှတ်ရပါမယ်။ ၁.၅ကီလိုဂရမ် (1.5kg) / ၃.၃ပေါင် (3.3lb)ထက်နည်းမယ်ဆိုရင်တော့ အလွန်အမင်းပေါင်ချိန်နည်းခြင်း လို့ခေါ်ပါတယ်။
မွေးကင်းစကလေးငယ် အားလုံးရဲ့ ၈ရာခိုင်နှုန်းဟာ ပေါင်မပြည့်ဘဲမွေးလာကြရတယ်လို့ မှတ်တမ်းများအရသိရပါတယ်။
"ဘာကြောင့်ပေါင်မပြည့်ရသလဲ?"
သန္ဓေသားလေးတွေဟာ ကိုယ်ဝန်တတိယပတ်မှာ ကိုယ်အလေးချိန် ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် လမစေ့ဘဲမွေးဖွားခြင်းဟာ ကိုယ်အလေးချိန်မပြည့်ရခြင်းရဲ့အဓိကအကြောင်းအရင်းအဖြစ်တည်ရှိနေပါတယ်။ ပေါင်မပြည့်ရခြင်းရဲ့ အခြားသောအကြောင်းရင်းတွေကတော့
- ကိုယ်ဝန်ဆောင်စဉ်မိခင်တွင် သွေးတိုးရောဂါရှိနေခြင်း
- အမွှာမွေးဖွားခြင်း
- အချင်းအနေအထားမမှန်ခြင်း
- မိခင်၏ ကျန်းမာရေးနှင့် အာဟာရ ချို့တဲ့ခြင်း
- ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးများသုံးစွဲခြင်း
- ကိ်ုယ်ဝန်ဆောင်စဉ် သန္ဓေသားအားထိခိုက်နိုင်သော ရောဂါများဖြစ်ပွားခြင်း
- ကလေးတွင်မျိုးရိုးဗီဇဆိုင်ရာ မွေးရာပါရောဂါများပါနေခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။
ပေါင်ချိန်မပြည့်ရင် ဘာတွေဖြစ်နိုင်သလဲ?
ပေါင်ချိန်မပြည့်တဲ့ကလေးငယ်တွေမှာအဖြစ်များတဲ့ရောဂါတွေကတော့
- ကူးစက်ရောဂါများဖြစ်ပွားလွယ်ခြင်း
- အသားဝါရောဂါဖြစ်ပွားခြင်း
- နို့တိုက်ရခက်ခဲခြင်း
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း
_ ဦးခေါင်းတွင်းသွေးယိုစိမ့်ခြင်း
စသည်တို့ပဲဖြစ်ပါတယ်။
"ကလေးငယ်ပေါင်မပြည့်ခြင်းမှရှောင်ကွင်းစေနိုင်ဖို့"
မွေးရာပါဗီဇဆိုင်ရာရောဂါများနဲ့ အချင်း၊ သားအိမ်ပုံမမှန်ခြင်းကြောင့် ဖြစ်ရတဲ့ ပေါင်မပြည့်ခြင်းတို့ကတော့ ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် မိခင်တို့အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကိုရွေးချယ်စားသုံးပြီး ပုံမှန်လှုပ်ရှားသွားလာမှုများကိုလည်းပြုလုပ်မယ်၊ နောက်ပြီး အရက်သေစာ၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကိုရှောင်ကျဉ်မယ်ဆိုရင်တော့ အခြားသော ပေါင်မပြည့်ရခြင်းရဲ့အကြောင်းရင်းများကို ကာကွယ်နိုင်မှာဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ