ရင်သွေးယူတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ စုံတွဲများမှာ အိမ်ထောင်ရေးသာယာစေဖို့ ကြိုတင်ပြင်ဆင်ထားရမယ့် အရာတွေ ရှိနေပါတယ်။ ရင်သွေးယူပြီဆိုတာနဲ့ အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ရပါပြီ။ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နေတဲ့ကာလဟာ တကယ့်ကို အခက်အခဲတွေ အကြုံတွေ့ရဆုံး ကာလပါပဲ။ ဒီအချိန်မှာ သူမရဲ့ လက်တွဲဖော်ကောင်းတစ်ယောက်အနေနဲ့ ခင်ပွန်းဖြစ်သူက ဝေဒနာတွေသက်သာအောင် မျှဝေခံစားပေးသင့်ပါတယ်။ အမျိုးသမီးဖြစ်သူရဲ့ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုတွေ ၊ ဝမ်းဗိုက်ကြွက်သား သိသိသာသာ ကြီးမားလာမှုတွေ ၊ စိတ်ခံစားချက် မတည်ငြိမ်မှုတွေကြောင့် အမျိုးသား ဖြစ်သူနဲ့ ကတောက်ကဆလေးတွေ ဖြစ်ပေါ်တတ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အမျိုးသမီးဖြစ်သူအနေနဲ့ အထီးကျန်မှုနဲ့ စိတ်ကျဝေဒနာတို့ကို ခံစားလာရနိုင်ပါတယ်။ ခင်ပွန်းဖြစ်သူထံက မျှော်လင့်ထားခဲ့သလို အားပေးကူညီဖေးမမှုတွေ မရရှိတဲ့အခါ တစ်ဦးနဲ့တစ်ဦးကြား ခိုက်ရန်ဖြစ်ပွားမှုတွေပါ ကြုံတွေ့ရလေ့ ရှိတတ်ပါတယ်။ ဒီ့အတွက် ပထမဦးဆုံး သင့်တို့နှစ်ယောက်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲပေးဖို့လိုပါတယ်။
ဥပမာပြောရရင် သင်တို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး ဝါသနာပါတဲ့ ဂေါက်ရိုက်အားကစားအတွက် ဂေါက်ကွင်းကို တစ်ပတ်တစ်ခါ သွားဖြစ်တယ်ဆိုပါစို့။ ဒါပေမယ့် အမျိုးသမီး အနေနဲ့ ကိုယ်ဝန်ဆောင်နေရတဲ့ ကာလမျိုးမှာတော့ အဲ့ဒီ့အစား spa သွားပြီး ချွေးထုတ်တာပဲဖြစ်ဖြစ် ၊ စိတ်အေးလက်အေး အနားယူပြီး ခင်ပွန်းဖြစ်သူနဲ့ ရိုမန့်တစ်ဆန်ဆန်လေး ဖန်တီးပြီး ဖြတ်သန်းသင့်ပါတယ်။ အဓိကကတော့ နှစ်ယောက်စလုံး သဘောကျပြီး အပြန်အလှန် အမှတ်တရလေးတွေ ရှိကြတဲ့ နေရာမျိုးကို ဆိုလိုတာပါ။
ဘယ်စုံတွဲမှာပဲဖြစ်ဖြစ် ၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆက်သွယ်ဖို့ အချိန်ပေးရပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ လင်မယားနှစ်ယောက်စလုံးရဲ့ အာရုံတွေက ဆရာဝန်ရဲ့ ရက်ချိန်းတွေ ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး စားသောက်ရမယ့် အစားအစာတွေနဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားမှုတွေကို မပျက်မကွက်လိုက်နာရတာတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် အေးအေးဆေးဆေးထိုင်ပြီး စကားစမြည် ပြောဆိုဖို့ အချိန်မရှိတတ်ကြပါဘူး။ ဒါဟာ လုံးဝမှားယွင်းတဲ့ အရာတစ်ခုပါပဲ။ သင်ဟာ အချိန်တစ်ချို့ကို ရွေးချယ်သတ်မှတ်ပြီး သင့်ရဲ့ လက်တွဲဖော်ဖြစ်သူနဲ့ အတွေးတွေဖလှယ်ကြမယ် ၊ တစ်နေ့တာအတွင်း ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို အပြန်အလှန်ပြောဆိုကြမယ် ၊ နှစ်ယောက်စလုံး စိတ်ဝင်စားမယ့် အကြောင်းအရာမျိုးကို ရွေးချယ်ပြောဆိုခြင်းဖြင့် လင်မယားစုံတွဲကြားက ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ပါတယ်။
လက်တွဲဖော် ဇနီးသည်ကို ပိုပြီးဂရုစိုက်ပေးရပါမယ်။ မိမိရဲ့ ဇနီးဖြစ်သူထက် လူမဖြစ်လာသေးတဲ့ ဗိုက်ထဲက ကလေးငယ်လေးကို ပိုမို အာရုံစိုက်နေတာမျိုးမလုပ်သင့်ပါဘူး။ အသက်ငယ်ရွယ်တဲ့ အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ ကိုင်တွယ်ဖြေရှင်းရ မခက်ခဲပါဘူး။ သင့်ရဲ့ ကလေးဖြစ်သူကြောင့် သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မအေးစက်သွားသင့်တာတော့ အမှန်ပါပဲ။ တကယ်တမ်း ဖြစ်သင့်တာကတော့ ခင်ပွန်းဖြစ်သူအနေနဲ့ သူ့ရဲ့မျိုးဆက်ကလေးကို မွေးဖွားပေးတော့မယ့် မိခင်ဖြစ်သူကို ချီးမွမ်းပြောဆိုမှုတွေ မကြာခဏ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
HYA (kyarlay)