ရင်းနှီးမြှုပ်နှံမှု US$750,000 ကို EME နှင့် UMJ အဖွဲ့တို့မှ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ၏ ဦးဆောင် မိခင်နှင့်ကလေးပစ္စည်း Ecommerce ကုမ္ပဏီ ကျားလေးမှ ကြေညာခဲ့ပါသည်။
ကျားလေးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကိုစိုးလင်းမြတ်နှင့် မနန်းမိုတို့မှ စတင်ခဲ့ပြီး ရန်ကုန်မှာရှိတဲ့ မေမေ၊ ဖေဖေတို့အတွက် မိခင်နဲ့ ကလေးပစ္စည်းမျိုးစုံကို အိမ်အရောက်ပို့ Online ဝယ်ယူမှု စနစ်ဖြင့် ဝန်ဆောင်မှုများ စတင်ခဲ့ပါသည်။ ယခုအခါ ဝယ်ယူသူများ အဆင်ပြေစေရန် အရောင်းဆိုင်နှစ်ခုကိုလည်း တောင်ဥက္ကလာ မှာတစ်ဆိုင်၊ မြောက်ဒဂုံမှာ တစ်ဆိုင် ဖွင့်လှစ်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့တွင်း မြို့နယ်ခြောက်မြို့နယ်တွင်လည်း ဒီနေ့မှာ၊ ဒီနေ့ပို့ စနစ်ကို စတင်နေပါသည်။ Kyarlay သည် ၎င်းတို့၏ အက်ပလီကေးရှင်း ၊ ဝက်ဘ်ဆိုက်များတွင် မြန်မာနိုင်ငံ၏ ကလေးအထူးကု ဆရာဝန်ကြီးများ၊ သားဖွားမီးယပ် ဆရာဝန်ကြီးများ၏ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးထားသည့် ဗီဒီယို နှင့် အကြောင်းအရာ များကို ထည့်သွင်းထားပြီး မိဘများကြား ဆွေးနွေးတိုင်ပင်နိုင်ရန် အွန်လိုင်းအသိုင်းအဝိုင်းတစ်ခုကိုလည်း ဖန်တီးခဲ့ပါသည်။
ကျားလေးတည်ထောင်သူ မနန်းမိုက "မိဘတစ်ယောက်အနေနဲ့ ကလေးအတွက် ပစ္စည်းတွေ အမြဲလိုအပ်နေပြီး ဝယ်ဖို့ မကြာခဏ မေ့တတ်ကြပါတယ်။ ရန်ကုန်မှာဆိုရင် နို့မှုန့်လို ပစ္စည်းမျိုးဝယ်ဖို့မေ့သွားရင် ဆိုင်ကိုအသွားအပြန် တစ်နာရီလောက်အချိန်ပေးသွား ရပါတယ်။ ဒီလို သွားဝယ်ဖို့ အချိန်ပေးရတာ၊ အဆင်မပြေတာတွေကို ဖြေရှင်းဖို့အတွက် ကျားလေးကိုစတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှောင်းပိုင်းက စပြီး ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ ဒီနေ့မှာ၊ ဒီနေ့ပို့ စနစ်ကိုလည်း စတင်ခဲ့ပါတယ်။"
ယခုရရှိသည့် ရင်းနှီးမြှုပ်နှံမှုကို အသုံးချ၍ ကျားလေးအနေဖြင့် လက်ရှိဖြစ်ပေါ်လျှက်ရှိသော Covid19 ကပ်ရောဂါကာလအတွင်း မေမေ၊ ဖေဖေ နှင့် ရင်သွေးတို့အတွက် အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်ပါသည်။ မေမေ၊ ဖေဖေ နှင့် ရင်သွေးတို့အတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများမပျက်လပ်အောင်၊ ဈေးနှုန်းကို အတတ်နိုင်ဆုံး လျှော့ချနိုင်အောင်၊ လိုအပ်တဲ့အချိန်မှာ တိတိကျကျ နာရီပိုင်းအတွင်း ပို့ဆောင်ပေးနိုင်အောင် ကျားလေးအနေဖြင့် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ပါသည်။ မေမေ၊ ဖေဖေများအတွက် တတ်သိပညာရှင်များ၊ ဆရာဝန်များနဲ့ ကျန်းမာရေးပညာပေး အစီအစဉ်များ၊ online ဆွေးနွေးပွဲများကိုလည်း ပုံမှန်ကျင်းပပေးသွားမှာဖြစ်ပါသည်။
EME ဒါရိုက်တာ Hitoshi Ikeya က "ကျားလေးကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ပါတယ်။ အထူးသဖြင့် အခြားရင်းနှီး မြှုပ်နှံမှုတွေ ရှောင်ထွက်သွားတဲ့ အခုလိုမတည်ငြိမ်တဲ့ အချိန်မှာ သူတို့ကို ထောက်ပံ့နိုင်ခဲ့တာကို ကျေနပ်မိပါတယ်။ စိုးလင်းမြတ်နှင့် နန်းမိုတို့က စီးပွါးရေးကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်းပြခဲ့တဲ့အတွက် EME အနေဖြင့် ပါဝင်ရတာ ဖြစ်ပါတယ်။ စျေးကွက်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပစ္စည်းတွေ သယ်ဆောင်လာနိုင်အောင် ကျွန်ုပ်တို့ ကူညီပေးပါမယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မိဘတွေအနေနဲ့ အိမ်မှာ ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် လိုအပ်သမျှကို ကျားလေးက ရရှိမှာယူနိုင်အောင် ကူညီပေးနေပါတယ်။"
EME ကို 2018 ခုနှစ်တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Dutch Good Growth Fund တို့ ပေါင်းစည်း ဖွဲ့စီးခဲ့ပြီး ကျားလေးသည် ၎င်းတို့၏ ရှစ်ခုမြောက် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာပါသည်။ UMJ ကို 2004 ခုနှစ်ကဖွဲ့စည်းခဲ့ပြီး US$ 800 millions ကို လက်ရှိ ရင်းနှီးမြှုပ်နှံနေသော Japan နိင်ငံ၏ အရှည်ကြာဆုံး Hedge Fund တွေထဲမှတစ်ခု ဖြစ်ပါသည်။