မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာသန်စွမ်းနေဖို့ အရေကြီးပါတယ်။ ဒါမှသာ မီးဖွားတဲ့အခါမှာ အလွယ်တကူနဲ့ အောင်အောင်မြင်မြင် ဖွားမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မိခင်လောင်းတွေ ကျန်းမာသန်စွမ်းနေစေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းနည်းလမ်းပေါင်း မြောက်များစွာရှိတဲ့အနက် ရေကူးလေ့ကျင့်ခန်းကို ကိုယ်ဝန်ဆောင်ချိန်ပြုလုပ်လို့ရမရဆိုတာလည်း မိခင်လောင်းတွေ သိချင်ကြမှာပါ။
ရေကူးလေ့ကျင့်ခန်းဟာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအတွက် အထူးကောင်းမွန်သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ရေကူးခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေကို ကျန်းမာစေဖို့အများကြီးကူညီပေးပါတယ်။ မိခင်လောင်းရဲ့ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်တတိယသုံးလပတ်အတွင်း ကိုယ်အလေးချိန်ပြဿနာကို ရေကူးခြင်းက ကောင်းမွန်စွာ ကူညီပေးပါလိမ့်မယ်။ အခြား အေရိုးဗစ် ၊ ယောဂလေ့ကျင့်ခန်းများနဲ့မတူဘဲ ရေကူးခြင်းက မိခင်လောင်းတွေကို သက်သာအေးချမ်းမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ရေကူးရာမှာ ရေကူးကန်ထဲမှာ စနစ်တကျကူးဖို့ လိုပါတယ်။ ရေကူးကန်အများစုကတော့ အပူချိန် 30ဒီဂရီC ဝန်းကျင်မှာရှိပြီး 27ဒီဂရီC နဲ့ 33ဒီဂရီC အပူချိန်အတွင်းရေကူးခြင်းက မိခင်လောင်းတွေအတွက် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်နိုင်ခြင်း မရှိပါဘူး။ ရေကူးခြင်းဟာ သွေးလည်ပတ်မှုကောင်းမွန်စေခြင်း ၊ နှလုံးနဲ့အဆုတ် လုပ်ဆောင်မှုကို တိုးမြှင့်ပေးခြင်း ၊ ကြွက်သားများပိုမိုသန်မာလာြခင်း ၊ ခန္ဓာကိုယ်ရောင်ရမ်းမှုများ ပင်ပန်းနွမ်းနယ်မှုများနဲ့ နာကျင်မှုများကို သက်သာစေခြင်း ၊ ကိုယ်အလေးချိန် ထိန်းညှိရာမှာ အရေးပါတဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို ကူညီပေးခြင်း ၊ ကောင်းမွန်သောအိပ်စက်ခြင်းကို ဖန်တီးပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
တကယ်လို့သင်ဟာ ကိုယ်ဝန်မဆောင်မီကာလတွေမှာကတည်းက ပုံမှန်ရေကူးခဲ့သူဖြစ်မယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်။ သာမန်ရေကူးကန် ၊ ကလိုရင်းဆေးခတ်ထားတဲ့ ရေကူးကန် ဘယ်လိုရေကူးကန်မျိုးမှာကူးကူး မိခင်လောင်းနဲ့ သန္ဓေသားကို အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ သင်ဟာ ရေမကူးတတ်သူတစ်ယောက်ဖြစ်ခဲ့ရင်တောင် ရေကူးကန်ထဲမှာ အများဆုံး မိနစ်၃၀လောက် စိမ်နေလို့ရပါတယ်။ ရေကူးခြင်းပုံစံအမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါတယ်။
တစ်ခုတည်းသော သတိထားရမယ့် အချက်က မိခင်လောင်းများရေကူးတဲ့အခါမှာ ကြွက်တက်ခြင်း မဖြစ်ပေါ်ဖို့ပါပဲ။ တင်ပါးဆုံရိုးနာကျင်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်များ ၊ ရင်သားကင်ဆာဝေဒနာ ခံစားနေတဲ့ မိခင်လောင်းများကတော့ ရေကူးခြင်းကို မပြုလုပ်ဖို့ သတိပေးလိုပါတယ်။ သင့်အနေနဲ့ ရေကူးနေချိန်မှာ ပုံမှန်မဟုတ်ဘူးလို့ခံစားနေရရင် ၊ ရေကူးနေရင်း ခန္ဓာကိုယ်တစ်နေရာရာမှာ နာကျင်လာခဲ့ရင် ၊ သွေးထွက်ခြင်းကဲ့သို့သော ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာများ ခံစားလာရရင် ရေကူးခြင်းကို ရပ်တန့်ပြီး သားဖွားဆရာဝန် ၊ သင့်ရဲ့ကိုယ်ပိုင်ဆရာဝန် ထံကို သွားရောက်ပြီး တိုင်ပင်ဆွေးနွေးကာ ဆေးကုသမှုခံယူသင့်ပါတယ်။
HYA (kyarlay)