မိခင်လောင်းတွေအနေနဲ့ မီးဖွားဖို့ရက်နီးကပ်လာတာနဲ့အမျှ စိတ်ထဲမှာ မေးခွန်းများစွာ ရှိနေနိုင်ပါတယ်။ တကယ်လို့များ ပထမဆုံးမီးဖွားမယ့် မိခင်လောင်း ဖြစ်နေမယ်ဆိုရင် မီးဖွားရာမှာ နာကျင်မှုဘယ်လောက်အထိ ရှိနေမလဲဆိုတာက အဓိက စိုးရိမ်စရာ ဖြစ်မှာပါ။ အမျိုးသမီးများ မီးဖွားရာမှာ နာကျင်မှုနည်းပါးအောင် စီမံနိုင်ဖို့ အသုံးပြုနေကြတဲ့ နည်းလမ်းများစွာထဲကမှ နောက်ပိုင်းမှာ အသုံးတွင်ကျယ်လာတဲ့ နည်းလမ်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ နိုက်ထရပ်အောက်ဆိုဒ် အသုံးပြုခြင်းပါပဲ။
Laughing Gas လို့ လူသိများကြတဲ့ နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ကို သွားဆေးခန်းမှာ အများဆုံး အသုံးပြုကြတာကို တွေ့ရမှာပါ။ သွားအခေါင်းပေါက်များ ကုသတဲ့နေရာမှာ ဒီဓာတ်ငွေ့ကို အသုံးပြုကြတဲ့အပြင် ယခုနောက်ပိုင်းမှာတော့ မီးဖွားရာမှာပါ အသုံးပြုလာ ကြပါပြီ။ နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ဟာ မီးလောင်လွယ်ပြီး အရောင် ၊ အနံ့မရှိတဲ့ ဓာတ်ငွေ့တစ်မျိုး ဖြစ်ပါတယ်။
နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ဟာ ထုံဆေးနဲ့ လုံးဝမတူပါဘူး။ သူဟာ မီးဖွားချိန်မှာ ဖြစ်ပေါ်လာမယ့် နာကျင်မှုတဲ့ ခံစားချက်ကို မဖယ်ရှားနိုင်ပေမယ့် စိုးရိမ်စိတ်များကို သက်သာစေပြီး နာကျင်မှုဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ နိုက်ထရပ်အောက်ဆိုဒ် အသုံးပြုခြင်းရဲ့ အဓိကအားသာချက်ကတော့ လိုသလိုအသုံးပြုနိုင်ခြင်းပါပဲ။ များသောအားဖြင့်တော့ နိုက်ထရပ်အောက်ဆိုဒ် ၅၀ရာခိုင်နှုန်းနဲ့ အောက်ဆီဂျင် ၅၀ရာခိုင်နှုန်းကို ရောစပ်ပြီး မီးဖွားမယ့် မိခင်လောင်းကို ရှူသွင်းစေတာပါပဲ။
နိုက်ထရပ်အောက်ဆိုဒ်ဟာ မီးမဖွားမီ ၊ မီးဖွားနေချိန်နဲ့ မီးဖွားပြီးနောက်ပိုင်းကာလတွေမှာပါ အသုံးပြုနိုင်ပါတယ်။ နိုက်ထရပ်အောက်ဆိုဒ် အသုံးပြုမှုကို ၁၈၈၁ခုနှစ်မှာ ပိုလန်နိုင်ငံမှာ စတင်အသုံးပြုခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်များမှာတော့ ဥရောပတစ်ဝှမ်း တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ မီးဖွားချိန်မှာ ထုံဆေးအသုံးပြုမှု တွင်ကျယ်လာတာကြောင့် နိုက်ထရပ်အောက်ဆိုဒ်ကို အသုံးပြုမှု လျော့ကျလာခဲ့ပါတယ်။
နိုက်ထရပ်အောက်ဆိုဒ် အသုံးပြုခြင်းကြောင့် မိခင်ရဲ့ နို့တိုက်ခြင်းလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ခြင်း မရှိတဲ့အပြင် မိခင်ရောကလေးကိုပါ ဘေးအန္တရာယ် ကင်းဝေးစေပါတယ်။ ဒါ့အပြင် ဓာတ်ငွေ့ရဲ့ သက်ရောက်မှုဟာလည်း ၅မိနစ်အတွင်းမှာပဲ ပျောက်ကွယ်သွားမှာ ဖြစ်တာကြောင့် အသေးစား ဘေးထွက်ဆိုးကျိုးလေးတွေဖြစ်တဲ့ မူးဝေခြင်း ၊ ပျို့အန်ခြင်း တို့ဟာလည်း လျင်လျင်မြန်မြန် သက်သာသွားစေနိုင်ပါတယ်။
HYA ( kyarlay )